အိုင်ဆက်နယူတန်ကို ရွှေဖြစ်စေခဲ့တဲ့နှစ်
- Kyal Sin Phu
- Apr 4, 2020
- 1 min read

သူငယ်ချင်းတို့ရေ...
အခုရက်ပိုင်း COVID-19 ရောဂါပြန့်ပွားမှု တားဆီးရေးအတွက် Home Quarantine လုပ်နေရတာ ပျင်းနေကြပြီလား။ အချိန်တွေကိုရော အကျိုးရှိရှိ အသုံးချဖြစ်ရဲ့လား။
ဒီနေ့မှာတော့ သူငယ်ချင်းတို့ကို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့စဉ်က အိမ်ထဲမှာပဲနေနေရချိန် အချိန်ကိုအကျိုးရှိရှိ အသုံးချခဲ့တဲ့အိုင်စက်နယူတန်အကြောင်းကို ပြောပြပေးချင်ပါတယ်..။
အဲ့အချိန်ကတော့ လန်ဒန်မှာ ပလိပ်ရောဂါဆိုးကြီးဖြစ်ပွားချိန်ဖြစ်ပြီး နယူတန်ဟာ ရူပဗေဒပညာရှင်ကြီးတစ်ယောက်တောင်မဟုတ်သေးပါဘူး။ Cambridge က Trinity College မှာ တက်ရောက်နေတဲ့ အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသားတစ်ဦးသာဖြစ်ပါတယ်။
တကယ်တော့ ပလိပ်ရောဂါကိုဖြစ်ပွားစေခဲ့တဲ့ ဘက်တီးရီးယားကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိဖို့ဆိုရင် အနှစ် ၂၀၀ လောက်ကြာမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ခေတ်ကလူတွေက ဘာကြောင့်ရယ်လို့ သူတို့သေချာမသိပေမယ့် ရောဂါပိုးကူးစက်မခံရဖို့အတွက် ကျွန်တော်တို့ ယခုလုပ်နေတဲ့ အချို့အရာတွေကို လုပ်ခဲ့ကြပါတယ်။
အဲ့ဒါကတော့ ၁၆၆၅ ခုနှစ်တုန်းက Social Distancing လုပ်ခဲ့ကြတာပါပဲ။ ယခုရက်ပိုင်းမှာ Coronavirus ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် အစိုးရရုံးတွေ၊ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကိုပိတ်ထားပြီး ကျွန်တော်တို့ အိမ်ကနေပဲ အလုပ်လုပ်ကြသလိုမျိုးပါပဲ။ Cambridge ကလည်း သူ့တို့ ကျောင်းသားတွေကို အိမ်ကနေပဲ လေ့လာသင်ယူမှုတွေကို ဆက်လက်လုပ်ဆောင်စေခဲ့တယ်။
နယူတန်ဟာ Cambridge ကနေ မိုင် ၆၀ ဝေးတဲ့ မိသားစုခြံဝင်းအိမ်မှာ နေထိုင်ရင်း လေ့လာသင်ယူရသူဖြစ်လို့ ပရော်ဖက်ဆာတွေရဲ့ လမ်းညွှန်ပြသမှုမရရှိခဲ့ပေမယ့် အောင်မြင်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ နယူတန်က အိမ်မှာနေပြီး လေ့လာသင်ယူခဲ့တဲ့အချိန်တွေကို "Year of Wonders"လို့တောင် သတ်မှတ်ပြောဆိုကြတယ်။
အစပိုင်းမှာတော့ နယူတန်ဟာ Cambridge မှာ တက်ရောက်ခဲ့စဉ်တည်းက ရှိခဲ့တဲ့ သင်္ချာပုစ္ဆာတွေကို ဆက်လက်ဖြေရှင်းနေခဲ့တယ်။ သင်္ချာပုစ္ဆာတွေ အဖြေရှာရာမှာ သူချရေးခဲ့တဲ့ စာရွက်တွေဟာ စောစောပိုင်း calculus သဘောတရားတွေ ဖြစ်လာခဲ့တယ်။
နောက်တော့ နယူတန်ဟာ သူ့ရဲ့အိပ်ခန်းထဲမှာ ပရစ်ဇင် (Prism) အချို့ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ အလင်းတန်းလေးတွေ ထိုးဖော်ဝင်ရောက်နိုင်ဖို့အတွက် ပြတင်းပေါက်မှာ အပေါက်အသေးလေးတစ်ခုကို ဖောက်ထားခဲ့တယ်။ အဲ့လိုနဲ့ပဲ နယူတန်ဟာ သူရဲ့ optics theory ကို ဖော်ထုတ်နိုင်ခဲ့တယ်။
နောက်တစ်နေ့မှာတော့ နယူတန်ဟာ သူ့အိမ်ပြတင်းပေါက်နား အပြင်ဘက်က ပန်းသီးပင်အောက်မှာထိုင်နေတဲ့အချိန် သူ့ခေါင်းပေါ်ကို ပန်းသီးတစ်လုံးပြုတ်ကျရာကနေ Gravity နဲ့ Motion Theory ကို နားလည်တွေ့ရှိခဲ့တယ်။
၁၆၆၅ ကနေ ၁၆၆၆ အထိ ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါဆိုးကြီးဟာ လန်ဒန်မှာ လူဦးရေရဲ့ လေးပုံ တစ်ပုံကို သေဆုံးစေခဲ့ပြီး ဥရောပတခွင်ကိုလည်း ဆုံးရှုံးမှုတွေ များစွာ ဖြစ်စေခဲ့တယ်။
ဒီလိုနဲ့ ကျောင်းပြန်ဖွင်တဲ့ ၁၆၆၇ မှာတော့ နယူတန်ဟာ သူတွေ့ရှိထားတဲ့ Theories တွေကို ဆုတ်ကိုင်ပြီး Cambridge မှာ ပညာဆက်လက်သင်ကြားဖို့သွားခဲ့တယ်။ ၆ လအတွင်း တက္ကသိုလ်ရဲ့ အကြီးအကဲတစ်ဦးဖြစ်လာခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ သူဟာ professor တစ်ယောက်ဖြစ်လာခဲ့တယ်။
ဒါကြောင့် သူငယ်ချင်းတို့လည်း ကပ်ရောဂါဖြစ်ပွားချိန် အိုင်ဆက်နယူတန် အိမ်မှာနေပြီး အချိန်ကိုအကျိုးရှိရှိ အသုံးချခဲ့တဲ့ ဥပမာလေးကို သတိရပြီး COVID-19 ကာကွယ်တားဆီးရေးအတွက် အိမ်မှာ self-quarantine လုပ်နေရချိန်မှာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေနော် ....။
Ref : The Washington Post
Graphic : Htet Aung



























Comments