top of page

🎶ငါတို့တွေ ဘယ်လောက်တောင်များတဲ့ အရာတွေကို မေ့လျော့ပြီး နေခဲ့ကြတာလဲ 🎶

  • Oct 19, 2023
  • 1 min read

🎶 "ငါတို့တွေ ဘယ်လောက်တောင်များတဲ့ အရာတွေကို

မေ့လျော့ပြီး နေခဲ့ကြတာလဲ" 🎶

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ဒီစာသားလေးဟာ နာမည်ကျော် Korea Series "Reply 1988" ရဲ့ အဓိက OST သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Hye Hwa Dong" သီချင်းလေးထဲက ကျွန်မ အနှစ်သက်ဆုံး စာသားလေးပဲ ဖြစ်ပါတယ်။



🍁 "Reply 1988" ဟာ ငယ်ရွယ်နုပျိုမှုနဲ့အတူ အတောင်မစုံသေးတဲ့ အဖြူရောင်ငယ်ဘဝရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် အတိတ်နေ့စွဲတွေကို ပြန်လည် အမှတ်ရတမ်းတစေနိုင်တဲ့ ဂန္ထဝင်မြောက် ဇာတ်ကားကောင်းလေးတစ်ကားလို့ ကြည့်ရူဖူးသူတိုင်းက မှတ်ကျောက်တင်ကြပါတယ်။


🍁 ဇာတ်ကားလေးရဲ့ tempo အတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး ခံစားနားဆင်နိုင်တဲ့ "Hye Hwa Dong" OST သီချင်းလေးရဲ့ စာသားလေးအတိုင်းပါပဲ။ ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်တိုင် ဇာတ်ဆောင်ကပြနေတဲ့ ဘဝဇာတ်ခုံမြင့်ပေါ်က ဇာတ်ကွက်များစွာကို မေ့လျော့ပြီး ရှင်သန်နေထိုင်ခဲ့ကြပါတယ်။


🍁 အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ဟာ ရင့်ကျက်တည်ငြိမ်ဖို့ ကြိုးစားကြပါတယ်။ ဘဝခရီးလမ်းမှာ မပြိုမလဲ ဟန်ချက်ညီ ရပ်တည်နိုင်ဖို့အတွက် မနားမနေ အားထုတ်ကြိုးပမ်းရင်း ဟန်ဆောင် အပြုံးတုတွေအောက်မှာ ဖြူစင်မှုနဲ့ နုပျိုမှုတွေဟာ တစ်စတစ်စ ပျောက်ဆုံးသွားခဲ့ပါတယ်။ လောကဓံ ချိန်ခွင်အတိုင်း လိုက်ပါချိန်ညှိရင်း ပေါင်းသင်းဆက်ဆံရတဲ့လူတွေ မတူတော့သလို ဝါသနာနဲ့ အကြိုက်တွေကလည်း ပြောင်းလဲလာခဲ့ပါပြီ။


🍁 စက်ရုပ်သံပတ်ပေးထားသလိုမျိုး ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝကို ခြေကုန်လက်ပန်း ကျလာချိန် အတိတ်စာမျက်နှာတွေကို တစ်ဖန် လှန်လှော ဖတ်ရှုကြည့်လိုက်ပါ။ မေ့လျော့နေခဲ့တဲ့ အနူးညံ့၊ အပျော်ရွှင်ဆုံး မှတ်ဥာဏ်တွေကို ပြန်လည်တူးဆွကြည့်ကြရအောင်။


🍁 ဘဝမှာ ပထမဦးဆုံး ရင်ခုန်တတ်လာအောင် သင်ပေးခဲ့တဲ့ အချစ်ဦး၊ ပြောမနာ၊ ဆိုမနာ၊ အတွင်းသိ၊ အစင်းသိ၊ ရူးဖော်ရူးဖက် ငယ်သူငယ်ချင်း၊ "ဝ"လုံး လှလှရေးတတ်အောင် လက်ဖမိုးနုနု ဖွဖွဆုပ်ကိုင်ကာ စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာ၊ ကျောင်းစာသင်ခန်းထဲက လူရွှင်တော်လေးများ၊ ဆရာမရဲ့ ရွှေကြိမ်လုံး၊ ကာယအချိန်မှာ မြက်နှုတ်တာကအစ၊ အမှိုက်ပုံးလုတာအလယ်၊ စာမရလို့ ဖိနပ်မှောက်တာအဆုံး ကျောင်းစိမ်းဘဝ အမှတ်တရပုံရိပ်တွေက နွမ်းနယ်နေတဲ့ စိတ်နှလုံးကို ခဏတာ ကုစားပေးပါလိမ့်မယ်။


🍁 မိသားစုဝင်အားလုံး စုံညီစွာ ဝန်းရံနေတဲ့ လက်စုံ ထမင်းဝိုင်းလေး၊ မတည့်အတူနေ ညီအစ်ကို၊ မောင်နှမ၊ စာမေးပွဲ အမှတ်စာရင်းကြောင့် ဆင်နွှဲခဲ့ရသော ရန်ပွဲလေးများ၊ ရပ်ကွက်ထဲက အနှိပ်သည်၊ မီးခြစ်သည်နဲ့ ဖွဲပြာသည်တို့ရဲ့ သံရှည်ဆွဲ ဋီကာဖွင့် ဈေးရောင်းသံတွေကို ပြန်လည်မြင်ယောင်လာမိရင်တော့ စိတ်အစဉ်ဟာ ငယ်ရွယ်နုပျို သွားပါလိမ့်မယ်။


🌿 အဖြူစင်ဆုံး အရွယ်မှာ အရိုးသားဆုံး ကိုယ့်အနားမှာ ရှိနေပေးခဲ့တဲ့သူတွေဟာ တန်ဖိုးအရှိဆုံး ပုဂ္ဂိုလ်တွေပါ။ သူတို့က ကိုယ်နဲ့အတူ အခုအချိန်ထိ အဆက်အသွယ် ရှိနေသေးတယ်ဆိုရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူပါပဲ။


🌿 အခု ကျွန်မစာကို ဖတ်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ တန်ဖိုးရှိ ပုဂ္ဂိုလ်တွေဆီကို စာတစ်စောင်၊ ဖုန်းတစ် call ခေါ်ဖို့ တိုက်တွန်းပါရစေ။


🌿 စီးပွားရေး၊ လူမှုရေးတွေကြား လုံးပန်းနေရချိန် ကိုယ့်ရဲ့ contact list မှာ သူတို့ရှိနေပေမယ့် မဆက်သွယ်ဖြစ်တဲ့သူတွေ အများကြီး ရှိမှာပါ။ အခုအချိန် ဆက်သွယ်ဖို့ ကြိုးစားချိန် လူကြီးမာန ကြောင့် အိုးတိုးအမ်းတမ်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ရိုးသားကြရအောင်ပါ။ "နေ့မြင်၊ ညပျောက် ကာလ" ကြီးမှာ မာနတွေ ခဝါချလိုက်ပါ။ ရှက်ရွံ့မှုတွေ ဘေးဖယ်လိုက်ပါ။


🌿 စီးပွားရေး၊ လူမှုရေးတွေအကြောင်း ဘာဆိုဘာမှ မသိသေးတဲ့ အဖြူစင်၊ အနုပျိုဆုံး အချိန်ကာလတစ်ခုကို ပြန်သွားကြရအောင်။ ဆက်သွယ်ဖို့ လမ်းစရှာမတွေ့တဲ့ သူတွေက Comment မှာ အမှတ်တရတစ်ချို့ကို ရင်ဖွင့်လို့ရပါတယ်။


🌿 ပျော်ရွှင်မှုက မှန်လိုပဲ ပုံရိပ်ထင်တတ်ပါတယ်။ ငယ်စဉ်က အမှတ်တရတွေ အပြန်အလှန် ပြောဆိုရင်း တစ်ရက်လောက်တော့ အတူတူ ငယ်မူပြန် ကြည်နူးပျော်ရွှင်ကြရအောင်ပါရှင်။


🎶 "Hwe Hwa Dong" သီချင်းလေးနဲ့ အလွမ်းသယ် ကြည်နူးလို့ရအောင်လည်း link ချပေးလိုက်ပါတယ်။ 🎶

https://youtu.be/lQWhZoo5j_4


#ငယ်ဘဝ #အမှတ်တရ #ရင်ဖွင့်ကြမယ်


 
 
 

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page