top of page

မရည်မွန်ဦး (နိုင်ငံရေးသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနှဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ်လေး မိတ်ဆက်ပေးပါဦး။

◼ အမနာမည်က မရည်မွန်ဉီးလို့ခေါ်ပါတယ်။ အမက ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဒုတိယနှစ် မဟာတန်းတက်ရောက်နေတာဖြစ်ပါတယ်။


(၂) ဒီဘာသာရပ်ကိုရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကိုပြောပြပေးပါဉီး။

◼ အမဆယ်တန်းပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ E major ယူဖို့လုပ်ခဲ့တယ်။ အမှတ်က နည်းနည်းကွာနေတော့ English စာလည်း ဆက်လေ့လာလို့ရမယ့်အပြင် နိုင်ငံတကာနဲ့ပတ်သက်တဲ့ အသိပညာတွေလည်း ရနိုင်မယ့် ဘာသာရပ်မျိုးကို လေ့လာချင်တာနဲ့ ဒီနိုင်ငံရေးသိပ္ပံဘာသာရပ်ကို ရွေးချယ်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီဘာသာရပ်ကို တဖြည်းဖြည်း သင်လာရတာတဲ့အခါမှာ ကိုယ်ကိုယ်တိုင်လည်း စိတ်ဝင်စားလာတာတွေ့ရတယ်။ အမှန်တိုင်းပြောရရင် ကျောင်းတုန်းက ပထဝီနဲ့ သမိုင်းကို မကြေညက်ခဲ့တဲ့ ကျောင်းသူတစ်ယောက်က အခုဆိုရင် နိုင်ငံရေးသိပ္ပံ၊ နိုင်ငံရေး ပထဝီဝင်တွေကိုသင်ရတဲ့အခါမှာ တော်တော်လေးကို စိတ်ဝင်စားတဲ့သူတစ်ယောက် ဖြစ်လို့နေတယ်။


(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဉီး။

◼ အမတို့နိုင်ငံရေးသိပ္ပံက ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်မှာပဲ သင်လို့ရတဲ့ဘာသာရပ်တွေဖြစ်တယ်။ ၂၀၁၃ ကစပြီး ကျောင်းဖွင့်ခဲ့တဲ့အချိန်ကနေစပြီးတော့ အမတို့က ပထမ အသုတ်အနေနဲ့ လေ့လာခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံနဲ့ပတ်သက်တဲ့ ဆရာတွေက နိုင်ငံခြားက ဆရာတွေရော၊ ပြည်တွင်းက ပညာရှင်တွေကိုရော ဖိတ်ခေါပြီးတော့မှ လုပ်ပေးတဲ့ ပွဲမျိုးလေးတွေရောရှိသလို အခြားနိုင်ငံခြားက ဆရာတွေကိုလည်း Semester တဖြတ်အနေနဲ့ ခေါ်ပြီးတော့ သင်ပေးတာမျိုးတွေရှိတယ်။ ဆရာမတွေကလည်း အမတို့အတွက် Study tour တွေ စီစဉ်ပေးတာမျိုးတွေရယ်၊ Scholarship အစီအစဉ်တွေရယ်အပြင် Student Exchange Program အနေနဲ့ အမတို့ကို နိုင်ငံခြားလွှတ်ပေးတာမျိုးတွေလည်းရှိတယ်။ နိုင်ငံခြားက သူတွေနဲ့ Research Project လုပ်ရတဲ့အပိုင်းတွေလည်း ရှိတယ်။ ဒါ့အပြင် အမတို့ Tutorial ဖြေတဲ့အခါမျိုးတွေမှာ ကိုယ့်ရဲ့အတွေးအမြင်တွေအပေါ်အခြေခံပြီး ဖြေရတာမျိုးတွေရှိတယ်။ စာသင်တဲ့အခါမှာလည်း အမတို့အတွေးအမြင်တွေကို ဖော်ပြခွင့်ရတဲ့အတွက် ပိုပြီးတိုးတက်လာတယ်။ ဒီဘာသာရပ်ကိုသင်ရင်းနဲ့ ကိုယ့်နိုင်ငံရဲ့အကြောင်းကို ပိုသိလာသလို အမတို့ အိမ်နီးချင်းနိုင်ငံတွေအကြောင်း၊ ကမ္ဘာပေါ်မှာရှိတဲ့ အခြားနိုင်ငံတွေအကြောင်းကိုလည်း တော်တော်များများသိလာရတယ်။


ဘာသာရပ်အပိုင်းအနေနဲ့ ပထမဆုံး State ဆိုတာ ဘာလဲ Nation ဆိုတာ ဘာလဲ စသင်ခဲ့ရပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးသဘောတရားတွေ၊ အယူဝါဒတွေ၊ Philosophy တွေ၊ ပထဝီဝင်နိုင်ငံရေး၊ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းတွေအပြင် ဥပဒေနဲ့ ပတ်သက်တဲ့အရာတွေ၊ နိုင်ငံရေး ဘာဂဗေဒတွေရယ်၊ အခြားနိုင်ငံရဲ့ နိုင်ငံရေးအကြောင်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းတွေနဲ့ နိုင်ငံတွေအနေနဲ့ ဒီမိုကရေစီရအောင် ဘယ်လိုရယူနိုင်ခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်တွေကို Case study အနေနဲ့ သင်ယူခဲ့ရတာတွေရှိတယ်။ ပြီးတော့ ကိုယ့်အနေနဲ့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးဆိုင်ရာတို့၊ ငြိမ်းချမ်းရေးတို့နဲ့ အခြားသောနိုင်ငံရေးရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စတွေကို လေ့လာချင်တယ်ဆိုရင်တော့ အမတို့ နိုင်ငံရေးသိပ္ပံကတော့ မဖြစ်မနေ ရွေးချယ်သင့်တဲ့အထဲမှာ ပါတယ်။ ဒါ့အပြင် ကိုယ့်အနေနဲ့ နိုင်ငံရပ်ခြားကိုသွားပြီးတော့မှ ဒီနိုင်ငံတွေနဲ့ လူတွေအကြောင်းကိုလေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေး ပညာဘာသာရပ်က တကယ့်ကို ကောင်းမွန်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ရှင်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေး ရှိရင် ပြောပေးခဲ့ပါဉီး။

◼ ထပ်ဖြည့်ပြောချင်တာကတော့ ဆယ်တန်းပြီးတဲ့ ညီမလေးတွေ မောင်လေးတွေအနေနဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စတွေ၊ အုပ်ချုပ်ရေးအပိုင်းတွ၊ ဒီမိုကရေစီတို့ federal တို့ ငြိမ်းချမ်းရေးတို့ကိုလေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီနိုင်ငံရေးသိပ္ပံဘာသာရပ်ကို မဖြစ်မနေ သင်ယူဖို့ တိုက်တွန်းချင်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ တက်ရတဲ့အားသာချက် နောက်တစ်ခုကတော့ Activities တွေ မျိုးစုံရှိသည့်အပြင် ပညာရေးဆိုင်ရာ Club အမျိုးမျိုးလည်း ရှိပါတယ်။ ဉပမာ Yangon University Open Political Society ဆိုရင်လည်း အမတို့နိုင်ငံရေးသိပ္ပံ ပထမအသုတ်မှ ကျောင်းသူကျောင်းသားတွေက စတင်တည်ထောင်ထားတဲ့ Club လေးဖြစ်ပါတယ်။ ဒီ Club လေးမှာ ကျောင်းသူကျောင်းသားတွေနဲ့ပတ်သက်တဲ့ Actitivities တွေကို အခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်နေတာတွေရှိတယ်။ အဲ့လိုဆိုတော့ ကိုယ့်အနေနဲ့ စာချည်းပဲ လေ့လာနေရတာမျိုးမဟုတ်ဘဲ နိုင်ငံခြားသွားတာမျိုးတွေ၊ ပြည်တွင်း Study Tourတွေအပြင် ပညာရေးဆိုင်ရာ Club တွေမှာလည်း Outside Curriculum activity အနေနဲ့ ကျောင်းသားအချင်းချင်း လှုပ်ရှားဆောင်ရွက်မှုတွေကိုပြုလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်ရှင်။


Content : Shwe Yee Thet

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page