top of page

ကိုဝေလွင်ဦး (ဆေးတက္ကသိုလ် ၂၊ ရန်ကုန်) နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ဖြစ်ခဲ့ပုံလေးတွေကို အပတ်စဥ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်းအကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

ကိုဝေလွင်ဦး (ဆေးတက္ကသိုလ် ၂၊ ရန်ကုန်) နှင့်တွေ့ဆုံခြင်း


၁။ အမည်၊ ဘာသာရပ်၊ တက္ကသိုလ်စတာလေး မိတ်ဆက်ပေးပါဦး။

◼ ဟုတ်ကဲ့။ ကျွန်တော့်နာမည်က ကိုဝေလွင်ဦးပါ။ ကျွန်တော်က ယခုလက်ရှိ ဆေးတက္ကသိုလ် ၂၊ ရန်ကုန် နောက်ဆုံးနှစ်အပိုင်း(ခ) အတန်းမှာ ပညာသင်ယူနေပါတယ်။


၂။ ဒီဘာသာရပ်ကိုရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

◼ ဆေးတက္ကသိုလ်ရွေးဖြစ်ခဲ့ပုံကို ပြောရရင်တော့ ဆယ်တန်းအမှတ်များခဲ့တာရယ်၊ နောက်ပြီး ကျွန်တော်တို့က ဆရာဝန်မျိုးရိုးတွေ၊ ဘာတွေလည်းမဟုတ်တော့ မိသားစုထဲမှာ ဆရာဝန်တစ်ယောက်ဖြစ်လာအောင် ကြိုးစားချင်တာကြောင့်ရယ်လို့ ပြောလို့ရပါတယ်။ ဝါသနာပါတယ်၊ မပါဘူးကလည်း ဆယ်တန်းပြီးခါစဆိုတော့ သိပ်သေချာမသိခဲ့သေးဘူးပေါ့။ နောက်ပိုင်း ဆေးကျောင်းတက်ရင်း၊ စာတွေဖတ်ရင်းနဲ့ ပိုဝါသနာပါလာတယ်လို့ ပြောလို့ရပါတယ်။


၃။ လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ်၊ ညီမငယ်လေးတွေအတွက်ဝေမျှပေးပါဦး။

◼ ဟုတ်ကဲ့၊ ကျွန်တော်က နောက်ဆုံးနှစ်အပိုင်း (ခ) မှာတက်ရောက်နေတာမို့ နောက်ဆုံးနှစ်အပိုင်း (ခ) အကြောင်းကို အဓိကပြောပြပေးချင်ပါတယ်။


Final Part-2 ဆိုတဲ့အတန်းမှာ အဓိက Subject ကြီး ၄ခု သင်ယူရပါတယ်။


1. Medicine

2. Surgery

3. Paediatrics

4. Obstetrics & Gynaecology တို့ဖြစ်ပါတယ်။


ဒီလေးဘာသာက clinical subjects တွေဖြစ်တဲ့အတွက် စာမေးပွဲဖြေတဲ့အခါ Theory exam ရယ်၊ Bedside exam ရယ်ဆိုပြီး ၂မျိုးဖြေဆိုရပါတယ်။


သင်ကြားရတဲ့ကာလကတော့ ကျောင်းမှာ Pre-bloc ကို ၆ လ အရင်သင်ရပါတယ်။ ပြီးတဲ့အခါကျ Bloc posting ဆိုပြီး subject ၄ ခု အလိုက် ဆေးရုံမှာ တစ်ဘာသာ ၃ လစီနဲ့ ၁၂ လ သင်ကြားရပါတယ်။ စုစုပေါင်းဆို ၁ နှစ်ခွဲလောက် သင်ကြားဖြေဆိုရပါတယ်။


ဒီ ၄ ဘာသာအပြင် တခြား speciality subject တွေဖြစ်တဲ့ Ophthalmology, Psychiatry, Anesthesiology, Radiology, Otorhinolaryngology, Dermatology နဲ့ Infection အကြောင်းတွေကိုလဲ pre-bloc ကာလမှာ အချိန်ခွဲပြီး အခြေခံအကြောင်းအရာတွေ သင်ယူရပါတယ်။


Final Part 2 အတန်းက အဓိကအားဖြင့် Management အပိုင်းနဲ့ Clinical assessment အပိုင်းကို အဓိကသင်ယူရပါတယ်ဗျ။


အငယ်တန်းတွေတုန်းက သင်ရတဲ့ Basic Science တွေရယ်၊ Clinical တွေရယ်ကို အခြေခံပြီး ဘယ်လိုကုကြမလဲ၊ ဘယ်လို Manage လုပ်မလဲကို ပိုသင်ရပါတယ်။


Pre bloc မှာတော့ အခြေခံသိသင့်တဲ့ အပိုင်းတွေကို အရင်စာတွေ့အနေနဲ့ သင်ရတာပေါ့။ ဥပမာ - OG ဆိုရင် ကိုယ်ဝန်ဆောင်ကို ဘယ်လိုစမ်းသပ်မယ်၊ ဘယ်လို ရောဂါတွေရှိတတ်တယ်၊ ဘယ်လိုမွေးတယ်၊ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ရောဂါတွေ ဘာတွေရှိလဲစသဖြင့် စာတွေ့သင်ရပါတယ်။


Surgery ဆိုရင်လဲ Clinical case တွေကို Anatomy ကအစ နောက်ဆုံးဘယ်လိုကုမယ်၊ ဘယ်လိုခွဲစိတ်မယ် ခွဲပြီးလူနာကို ဘယ်လိုစောင့်ကြည့်ပြုစုမလဲစသဖြင့် Surgical ရောဂါတွေအကြောင်း စုံစုံလင်လင်သင်ရပါတယ်။


Medicine ဆိုရင်လည်း Medical Disease တွေ၊ Communication Skill တွေ၊ Ethic တွေ စသဖြင့် သင်ယူရပါတယ်။


Paediatrics ဆိုရင်လည်း မွေးကင်းစကလေးကစပြီး Childhood ရောဂါတွေ၊ growth and development ပြဿနာတွေရယ် စသဖြင့် ၆ လ စာတွေ့သင်ယူရပါတယ်။


Pre-bloc ကာလက စာမေးပွဲတွေနဲ့ ဝေးသေးတော့ ပျော်စရာလည်း ကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။


Pre bloc ပြီးတဲ့အခါကျ gp ၄ ခု ခွဲပြီး posting အလိုက် ဆေးရုံတွေမှာ လက်တွေ့လူနာနဲ့ အနီးကပ်သင်ရပါတယ်။ အဲ့အခါကျ ကျောင်းကိုမသွားရတော့ဘဲ ဆေးရုံမှာပဲ တစ်နေကုန် သင်ရပါတယ်။


ဆေးရုံဆိုလည်း posting အလိုက် မြောက်ဥက္ကလာ သင်ကြားရေးဆေးရုံရယ်၊ အင်းစိန်ဆေးရုံရယ်၊ သင်္ဃန်းကျွန်းစံပြဆေးရုံရယ်၊ နောက်ပြီး ရန်ကင်းကလေးဆေးရုံရယ်ကို အလှည့်ကျသွားရပါတယ်။


Hospital teaching အပိုင်းမှာတော့ မနက်ပိုင်းကို ward ထဲမှာ bedside သင်ရတယ်။ နောက်ပြီး နေ့လယ်ဘက်မှာ PowerPoint presentation တို့၊ Tutorial တို့၊ Discussion တို့ စသဖြင့် အလှည့်ကျလုပ်ကြရတယ်။ OG နဲ့ Surgery တို့ရောက်တဲ့အခါ Operating theater တွေမှာ ဝင်ရောက်သင်ကြား လေ့လာရတာတွေလည်း ရှိပါတယ်။


Posting တစ်ခု ၃ လအဆုံးမှာ ward ထွက် စာမေးပွဲဆိုပြီးခေါ်တဲ့ Test တစ်ခုရှိပါတယ်။ နောက်ဆုံး posting ၄ခုလုံးပြီးသွားတဲ့အခါကျ Final exam ဆိုပြီး ဖြေဆိုရပါတယ်။


Speciality subject တွေကတော့ အခြေခံတွေကို အဓိကသင်ပေးတာပေါ့နော်။


Basic doctor တစ်ယောက်သိသင့်တဲ့ Common dermato problems လေးတွေ၊ GP ထိုင်ရင် ကြုံတွေ့ရမယ့် ENT case လေးတွေ၊ emergency eye problems လေးတွေ သင်ရပါတယ်။


Radiology ဆိုရင်လဲ Basic X- ray features တွေအပြင် Advanced imaging တွေဖြစ်တဲ့ CT, MRI တွေကိုလည်း အခြေခံသဘောလောက် သင်ရပါတယ်။


Psychiatry ကိုတော့ ရွာသာကြီးစိတ်ကျန်းမာဆေးရုံကိုသွားရောက်ပြီး သင်ရတယ်။ မေ့ဆေးဆိုလဲ အလားတူပဲ အခြေခံမေ့ဆေး၊ ထုံဆေးသဘောတရားလေးတွေ သင်ရတဲ့အပြင် OT ထဲမှာလဲ လက်တွေ့သင်ရပါတယ်။


Infection အပိုင်းဆိုလဲ ဝေဘာဂီကူးစက်အထူးကုဆေးရုံမှာ သွားရောက်သင်ယူရပါတယ်။


Speciality subject တွေကလဲ စာမေးပွဲပုံစံ test တွေ ဖြေရပါတယ်။ အဲ့အမှတ်တွေကို Final class work ထဲကို ထည့်ပေါင်းပေးပါတယ်။


Final part 2 က နောက်ဆုံးနှစ်ဆိုတော့ စာတွေကလည်း များ၊ စာမေးပွဲတွေကလဲများတဲ့ နှစ်မို့လို့ ခက်ခဲတဲ့အတန်းလို့လဲ အများကသိကြတယ်ပေါ့နော်။


ခက်ခဲတယ်ဆိုပေမယ့် ပုံမှန်စာလုပ်ရင်တော့ အဆင်ပြေပါလိမ့်မယ်။ အဓိကအကြံလေးပေးချင်တာက အချိန်ကို သေချာလေး Manage လုပ်စေချင်ပါတယ်။ အမြဲတမ်း စာကျက်နေစရာလဲ မလိုပါဘူး။ ကျက်ရမယ့်အချိန်လေးကျက်မှတ်ပြီး နားရမယ့်အချိန်နား၊ ပျော်ရမယ့်အချိန်ပျော်တတ်ရင် အဆင်ပြေပါလိမ့်မယ်။ နောက်ပြီး ပညာဆိုတာ ကျောင်းစာအုပ်ထဲမှာပဲရှိတာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ပညာရှိပါတယ်။ ကိုယ်ကသိချင်စိတ်ပြင်းပြနေဖို့ပဲ အရေးကြီးပါတယ်။ ဥပမာ-ကိုယ်သိချင်တဲ့၊ လေ့လာချင်တဲ့ အကြောင်းအရာတစ်ခုကို စာအုပ်ထဲကမှမဟုတ်ဘူး၊ website တွေ၊ youtube video တွေကနေလဲ လေ့လာလို့ရပါတယ်။ အဲ့လိုလေ့လာတာက တစ်ခါတစ်ခါ စာအုပ်ပဲဖတ်နေတာထက် ပိုပြီးလဲ fun ဖြစ်တယ်။ ပိုပြီးလည်း နားလည်လွယ်ပါတယ်။ ဒီလိုမျိုး online platform တွေကို စာလေ့လာဖို့အတွက် သေချာသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ညီတို့၊ ညီမတို့အနေနဲ့ ဘာပဲလုပ်လုပ်ပေါ့နော်၊ ဝီရိယနဲ့ စေတနာလေးထားပြီးလုပ်ရင် အောင်မြင်မှာပါပဲလို့ ပြောပြချင်ပါတယ်ဗျ။


၄။ အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

◼ ဟုတ်ကဲ့။ အခုလို COVID-19 pandemic ဖြစ်နေတဲ့ကာလမှာ ကျန်းမာရေးကိုဂရုစိုက်ဖို့ ပြောချင်ပါတယ်။ ပြီးတော့ တက္ကသိုလ်တွေ၊ ကျောင်းတွေဖွင့်မှ ပညာလေ့လာလို့ရတာမဟုတ်ပါဘူး။ အိမ်မှာနေနေရတဲ့အချိန်မှာလဲ ပညာရှာလို့ရပါတယ်။ ဒီကာလကြီးမှာ အချိန်တွေကုန်တာမြန်တဲ့အတွက် အကျိူးရှိတာတစ်ခုခုလေ့လာရင်း အချိန်ကိုတန်ဖိုးရှိရှိအသုံးချကြပါလို့ တိုက်တွန်းချင်ပါတယ်။


အခုလိုဖြေကြားခွင့်ရလို့ ကျေးဇူးတင်ပါတယ်။


Content - Wai Hnin Lai Phyu

Graphic - Htet Aung

Comentarios


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page