သူရဇော် (ကွန်ပျူတာသိပ္ပံ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)နှင့်တွေ့ဆုံခြင်း



(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။


အားလုံးပဲမင်္ဂလာပါ။ ကျွန်တော့်နာမည်ကတော့ သူရဇော်ဖြစ်ပါတယ်။ ကျွန်တော်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။


ကျွန်တော်က ဆယ်တန်းပြီးတဲ့အချိန်မှာ ကွန်ပျူတာသင်တန်းတွေကို တက်ဖြစ်ခဲ့ပါတယ်။ အဲ့လိုနဲ့ ကွန်ပျူတာကို စိတ်ဝင်စားပြီး Software Programmer ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကွန်ပျူတာတာ တက္ကသိုလ်မှာ ကွန်ပျူတာ သိပ္ပံဘာသာရပ်ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ကွန်ပျူတာ သိပ္ပံ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး သင်ကြားရတာကို တော်တော်များများကြိုက်ပါတယ်။ အဲ့ဒီထဲကမှ ပထမ အချက်ကတော့ “Programming” ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ပရိုဂရမ်းမင်းကို အသေးစိပ်သင်ပေးတဲ့ ဘာသာရပ်ဟာ ကွန်ပျူတာသိပ္ပံအထူးပြုပဲရှိတယ်။ ပြီးတော့ ကျွန်တော် ဒီဘာသာရပ်ကို နှစ်သက်ရတဲ့ အကြောင်းရင်း နောက်တစ်ချက်က နည်းပညာအသစ်တွေနဲ့လည်း အမြဲထိတွေ့ခွင့်ရတယ်။ ဒါကတော့ ကျွန်တော့်အတွက် တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အင်တာနက်အသုံးများလာကြတော့ လူအများစုဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်ရဲ့ ကောင်းကျိုးကို သိလာကြတယ်။ ဒါကြောင့်မို့ ကျောင်းဝင်ခွင့်အမှတ်လည်း တစ်နှစ်နဲ့တစ်နှစ် များလာတာကို တွေ့ရပါတယ်။


(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။


ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ပတ်သက်ပြီး ဘာတွေ လေ့လာရလဲဆိုတော့ ပထမနှစ်မှာဆိုရင် programming စသင်ရတယ်။ programming ကို ဘယ်လိုရေးရတယ်ဆိုတာတွေကိုသင်ရတဲ့အတွက် ပထမနှစ်မှာ အခြေခံတွေကို အကုန်သိသွားတယ်။ အဲ့ဒီနောက် ဒုတိယနှစ်နဲ့ တတိယနှစ်မှာတော့ “Software Engineering”တွေကို စတင်လေ့လာရပါတယ်။


ကျွန်တော်တို့ Software တွေ၊ Website တွေကိုရေးတာတွေအပြင် Database တို့၊ Networking တို့ကိုလည်း လုပ်ရတယ်။ နောက်တစ်ခုက Business နဲ့ Accounting ပါ သင်ရတဲ့အတွက်ကြောင့် အဲ့အပိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။ စတုတ္ထနှစ်မှာတော့ Design တို့ Security အပိုင်းတို့နဲ့ သက်ဆိုင်တဲ့ “Advanced level” စာအုပ်တွေကို သင်ရပါတယ်။ နောက်ဆုံးနှစ်ရောက်တော့ ကိုယ်ကြိုက်တဲ့ ဘာသာရပ်နှစ်ခုကိုပဲ ရွေးချက်သင်ကြားရပါတယ်။


ဒါကတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ အထူးပြုဘာသာရပ်တွေကို ရွေးတက်ရတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Artificial Intelligence ဘာသာရပ်ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ AI က နည်းနည်းတော့ခက်ပေမယ့် ကျွန်တော့အတွက် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။


အခုထပ်ဖြည့်ပြောရမယ်ဆိုရင် ဆယ်တန်းပြီးသွားတဲ့ ညီလေး၊ ညီမလေးတို့ကို မှာချင်တာကတော့ တက္ကသိုလ်၊ အထူးပြုဘာသာရပ်တွေကို ရွေးချယ်တဲ့အခါမှာ မိမိအမှန်တကယ် စိတ်ဝင်စားမှ တက်ရောက်ကြပါ။ အဲ့လိုမဟုတ်ဘဲ မိမိစိတ်မဝင်စားတဲ့ ဘာသာရပ် (သို့) ကျောင်းကို ရွေးချယ်တက်ရောက်ခဲ့မယ်ဆိုရင် ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါ ကိုယ်ရည်မှန်းထားသလောက် မအောင်မြင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို သေချာလေ့လာပြီး တက်ရောက်ကြပါလို့ အကြံပြုပေးချင်ပါတယ်။

Featured Posts