မမျိုးမျိုးအိ (အင်္ဂလိပ်စာ၊ ရတနာပုံတက္ကသိုလ်) နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


မမျိုးမျိုးအိ (အင်္ဂလိပ်စာ၊ ရတနာပုံတက္ကသိုလ်) နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ်၊ စတာလေး မိတ်ဆက်ပေးပါဉီး။

◼ မင်္ဂလာပါ အမ နာမည်က မမျိုးမျိုးအိဖြစ်ပါတယ်။ ရတနာပုံတက္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြုနဲ့ ပထမနှစ် မဟာတန်းတက်ရောက်နေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဉီး။

◼ အမှန်အတိုင်း ပြောရမယ်ဆိုရင် အမဆယ်တန်းစာမေးပွဲမဖြေခင်က အခြေအနေအရပ်ရပ်ကြောင့် ရလာတဲ့အမှတ်က အမအတွက် သိပ်ပြီးစိတ်ကျေနပ်စရာ မကောင်းခဲ့ဘူးပေါ့နော်။ တကယ်တမ်း အမက သင်္ချာကို စိတ်ဝင်စားတယ်။ တွက်ရချက်ရတာကို ကြိုက်တယ်။ ဒါပေမဲ့ အမက အင်္ဂလိပ်စာကို အားနည်းတဲ့အထဲမှာ ပါတယ်ပေါ့နော်။ အဲဒါကြောင့် ကိုယ်အားနည်းတဲ့ဘာသာရပ်ကို ပိုတိုးတက်အောင် လုပ်ချင်တဲ့အတွက် မေဂျာတွေရွေးတဲ့အချိန်မှာ အင်္ဂလိပ်စာကို ရွေးလိုက်တယ်။ အင်္ဂလိပ်စာက အားနည်းတဲ့ ဘာသာဖြစ်ပေမဲ့ တက္ကသိုလ်ရောက်တော့ သင်ရင်းနဲ့ တစ်ဖြည်းဖြည်း စိတ်ဝင်စားလာတယ်။ ပျော်လာတယ်။ "Make Your Weakness Your Strength. Success will be yours for sure" ဆိုတဲ့စကားအတိုင်း အမလည်း ကိုယ့်အားနည်းချက်ကို အားသာချက်ဖြစ်အောင် လုပ်ချင်တဲ့စိတ်နဲ့ပဲ ဒီအင်္ဂလိပ်စာဘာသာရပ်ကို ရွေးချယ်ခဲ့တာပါ။


(၃) လေ့လာရတဲ့ ဘာသာရပ်အကြောင်း အတွေ့အကြုံလေးကို ညီငယ်ညီမငယ်တွေအတွက် ဝေမျှပေးပါဉီး။

◼ အမတို့ အင်္ဂလိပ်စာကျောင်းသားတွေ ပထမနှစ်မှာ လေ့လာရတာတွေက minor ၃ ဘာသာနဲ့ major ၃ ဘာသာရှိပါတယ်။ မြန်မာစာ၊ ဒဿနိကဗေဒနဲ့ မြန်မာ့ရေးရာဆိုတဲ့ ၃ ဘာသာက minor ပေါ့နော်။ အမတို့နှစ်တုန်းက Minor ကို ရွေးချယ်ခွင့်ရှိပါတယ်။ ဒဿနိကဗေဒ မယူချင်တဲ့သူတွေက အရှေ့တိုင်းပညာကို ယူကြတယ်။ မြန်မာစာမှာတော့ ကဗျာတို့ စကားပြေတို့ သင်ရပါတယ်။ ဒဿနိကဗေဒမှာတော့ အတွေးအခေါ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သင်ရပါတယ်။ မြန်မာ့ရေးရာမှာတော့ မြန်မာစာပေသမိုင်းကြောင်းတွေ၊ မြန်မာ့သမိုင်းကြောင်းတွေ လေ့လာရပါတယ်။ အမပထမနှစ်တက်တဲ့အချိန်က ၂၀၁၅ လောက်ကပေါ့နော်။ ဒီနှစ်တွေမှာတော့ ပြောင်းလဲတာတွေ ရှိကောင်းရှိမှာပါ။ Major ၃ ဘာသာကတော့ Prose and Short Stories, Poetry နဲ့ Communicative skills ဖြစ်ပါတယ်။ Prose, Short Stories, Poetry နဲ့ Drama တွေကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် အနုစိတ် ရေးသားချက်တွေကို တွေ့နိုင်တယ်။ အနောက်တိုင်းယဉ်ကျေးမှုတွေ၊ အဲဒီခေတ်ကာလအကြောင်းတွေကိုပါ သိနိုင်မယ်ပေါ့နော်။ အနုစာပေကိုလေ့လာရင်း ဒီအကြောင်းတွေကို သိခွင့်ရတဲ့အတွက် ဒီဘာသာရပ်တွေအပေါ်မှာ စိတ်ဝင်စားမှုတိုးလာတယ်လို့ပဲ ပြောရမှာပေါ့။


Communicative skills မှာဆိုရင် Listening, Speaking, Reading နဲ့ Writing တွေကို ဆက်လေ့လာရပါမယ်။ နောက်ပြီးတော့ တစ်နှစ်ပြီးတစ်နှစ် လေ့လာရတဲ့ major ဘာသာရပ်တွေက တိုးတိုးလာပါတယ်။ နောက်ပိုင်းကျရင် Translation and Interpretation၊ Intercultural communication၊ Teaching Methods အပြင် Research Methodology တွေကိုလည်း လေ့လာရပါသေးတယ်။


(၄)အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးတွေရှိရင် ပြောခဲ့ပေးပါဉီး။

◼ ထပ်ဖြည့်ပြောရမယ်ဆိုရင် အမကပထမနှစ်မှာ စာအရမ်းကြိုးစားတဲ့အထဲ မပါခဲ့ပေမဲ့ ဒုတိယနှစ်မှာ ဂုဏ်ထူးတန်းရှိတယ်၊ ဆက်ကြိုးစားရင် မဟာတန်း ရောက်နိုင်တယ်ဆိုတာ သိခဲ့တဲ့အတွက် ကြိုးစားခဲ့ပါတယ်။ အဲဒါကြောင့် အခု မဟာတန်းကို တက်ခွင့်ရခဲ့တယ်ပေါ့နော်။ တက္ကသိုလ်ရောက်ရင် ကိုယ်ဝါသနာပါတာလေးတွေလည်းလုပ်ရင်း စာလည်းကြိုးစားရင်းနဲ့နေရတာ ပျော်စရာကောင်းပါတယ်။ ဒါကြောင့် အခု ၁၀ တန်းအောင်ခါစ မောင်လေးတို့ ညီမလေးတို့ အကြောင်းအမျိုးမျိုးကြောင့် ၁၀ တန်းမှာ ကိုယ့်ရည်မှန်းချက်တွေ မပြည့်ဝခဲ့ပေမဲ့လည်း တက္ကသိုလ်မှာ ဆက်လက်ကြိုးစားမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိနိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းဟာ ဘဝတစ်ခုလုံး မဟုတ်ပါဘူး။ ဘဝတစ်ဆစ်ချိုးသာဖြစ်တဲ့အတွက် တစ်နေရာမှာ လဲကျခဲ့ရင် ဆက်လက်လဲကျမနေဘဲနဲ့ ပြန်ထပြီး အကောင်းဆုံးကြိုးစားပါလို့ ပြောချင်ပါတယ်ရှင့်။


Content : Khin Moh Moh Aung

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

United States Office

2632 Lincolnway East  #1025
Goshen, IN 46526

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Myanmar Office

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org