top of page

မနှင်းဝတ်ရည် (မန္တလေးပညာရေးကောလိပ်)နှင့်တွေ့ဆုံခြင်း

"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။


မနှင်းဝတ်ရည် (မန္တလေးပညာရေးကောလိပ်)နှင့်တွေ့ဆုံခြင်း


(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။

ကျွန်မနာမည်ကတော့ မနှင်းဝတ်ရည်ပါရှင့်။ မန္တလေးပညာရေးကောလိပ်မှာ နှစ်နှစ်ပညာသင်ကြားခဲ့ပြီးတော့ အခုကတော့ မူလတန်းပြဆရာမအဖြစ် အ.မ.က တောစုမှာ တာဝန်ထမ်းဆောင်နေပါတယ်ရှင့်။ တာဝန်ထမ်းဆောင်ရင်းနဲ့ မန္တလေး ရတနာပုံတက္ကသိုလ်မှာ သင်္ချာဘာသာအထူးပြုနဲ့ အဝေးသင် စတုတ္ထနှစ် တက်ရောက်နေပါတယ်။


(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း (သို့) နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။

မန္တလေးပညာရေးကောလိပ်ကို ရွေးချယ်ရခြင်းအကြောင်းကတော့ ကျွန်မက ငယ်ငယ်လေးကတည်းက ဆရာမ ဖြစ်ချင်လို့ပါ။ တစ်ခြားသူတွေကို နားလည်အောင် စာတွေရှင်းပြရတာကို ငယ်ငယ်လေးကတည်းက ဝါသနာပါပါတယ်။ ငယ်ငယ်လေးကတည်းက အိမ်မှာ ကိုယ့်ထက် ငယ်တဲ့ကလေးတွေကို စာတွေရှင်းပြတယ်။ နားမလည်တာရှိရင် ရှင်းပြပေးတယ်။ ကျောင်းမှာဆိုရင်လည်း သူငယ်ချင်းတွေ နားမလည်တာရှိရင် ရှင်းပြတယ်။ ကိုယ်ရှင်းပြလိုက်လို့ သူတို့နားလည်သွားတယ် စာကျက်ရတာ အဆင်ပြေသွားတယ်ဆိုရင် အရမ်းပျော်တယ်။ အဲဒီဝါသနာကပဲ ကျွန်မဆရာမဖြစ်ဖို့ အစပျိုးခဲ့တာလို့ ဆိုရမှာပေါ့ရှင်။ ဆရာမဖြစ်ရတာက ကုသိုလ်လည်းရတယ် ဝမ်းလည်းဝတယ်။ ဆရာ၊ဆရာမဆိုတာ နိုင်ငံ့သားကောင်း သမီးကောင်းတွေကို ဝမ်းကမဖွား ရင်ကဖွားပေးရတာဖြစ်ပြီးတော့ တပည့်လေးတွေကိုကြည့်ပြီး ပီတိကိုစား အားရှိရတာပေါ့ရှင်။ ဆရာမတစ်ယောက်က ကလေးတွေရဲ့ ဉာဏစွမ်းရည်၊ ကာယစွမ်းရည်နဲ့ စာရိတ္တစွမ်းရည်တွေကို မြှင့်တင်ပေးရတယ်။ ပညာရေးကို စိတ်ဝင်စားလာအောင် နည်းလမ်းအသွယ်သွယ်သုံးပြီးတော့ ထိန်းကျောင်းပေးရပါတယ်။ အဲဒီလို လုပ်ရတာကို ငယ်ငယ်ကတည်းက ဝါသနာပါတာဖြစ်တဲ့အတွက် ပညာရေးကောလိပ်တက်ဖို့ကို အစကတည်းက ဆုံးဖြတ်ချက်ချထားတာပါရှင့်။


(၃) လေ့လာရတဲ့ ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။

လေ့လာရတဲ့ ဘာသာရပ်တွေအနေနဲ့ကတော့ ပထမဆုံးအနေနဲ့ ပညာရေးစိတ်ပညာ ဘာသာရပ်ပါ ဒီဘာသာရပ်မှာဆိုရင် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လေ့လာရပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်အလိုက် ကာယ၊ ဉာဏနဲ့ လူမှုဆက်ဆံရေးပိုင်းတွေကို လေ့လာရပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေအကြောင်းကို လေ့လာရပါတယ်။ အဲဒီထဲမှာဆိုရင် ကလေးတွေရဲ့ ရေတိုမှတ်ဉာဏ်အကြောင်းတွေ ရေရှည်မှတ်ဉာဏ်အကြောင်းတွေကို လေ့လာရပါတယ်။ ကလေးတွေကို စစ်ဆေးတဲ့အခါမှာ သိထားသင့်တဲ့ မေးခွန်းစုစည်းမှုတွေအကြောင်း၊ တတ်မြောက်မှုစစ်ဆေးခြင်းတွေအကြောင်းတွေနဲ့ ပက်သက်ပြီးတော့လည်း လေ့လာရပါတယ်။ နောက်တစ်ခုကတော့ ပညာရေးသဘောတရားဘာသာရပ်ပါ။ ဒီဘာသာရပ်မှာဆိုရင် ဆရာမတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေအကြောင်း၊ ပညာရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သင်ကြားသင်ယူမှု ဉီးတည်ချက်တွေ၊ သင်ကြားမှုနည်းလမ်းတွေ၊ သင်ရိုးညွှန်းတန်းရေးဆွဲနည်းတွေအကြောင်းကို သင်ယူရပါတယ်။ ဆရာမတစ်ယောက်ရဲ့ ကျင့်ဝတ်၊ သိက္ခာ နဲ့ စီမံခန့်ခွဲမှုတွေတင်မကဘဲနဲ့ ကျောင်းအုပ်တစ်ယောက်ရဲ့ ကျင့်ဝတ်၊ သိက္ခာနဲ့ စီမံခန့်ခွဲမှုတွေအကြောင်းကိုပါ လေ့လာရပါတယ်။ နောက်တစ်ဘာသာကတော့ မြန်မာစာသင်ပြနည်းပါ။ ဒီဘာသာရပ်မှာဆိုရင် ကလေးတွေကို မြန်မာစာသင်ကြားတဲ့အခါမှာ စိတ်ပါဝင်စားလာအောင် သင်ကြားနည်းတွေ၊ ကဗျာပဲဖြစ်ဖြစ် ဖတ်စာပဲဖြစ်ဖြစ် သင်တဲ့အခါမှာ အသုံးပြုသင့်တဲ့ပုံစံလေးတွေကို လေ့လာရပါတယ်ရှင့်။ နောက်ထပ်ဘာသာရပ်တွေကတော့ အင်္ဂလိပ်စာသင်ပြနည်း၊ သင်္ချာသင်ပြနည်း၊ သိပ္ပံသင်ပြနည်း၊ အထွေထွေနဲ့ လူမှုရေးသင်ပြနည်း ဘာသာရပ်ပါ။ ဒီဘာသာရပ်တွေကလည်း မြန်မာစာသင်ပြနည်းနဲ့ အလားတူပါပဲ။ သင်ပြရမယ့် ဘာသာရပ်အလိုက် ကလေးတွေကို စိတ်ပါဝင်စားအောင်၊ မှတ်မိအောင် ဘယ်လိုသင်ထောက်ကူတွေ သုံးပြီး ဘယ်လိုနည်းတွေသုံးပြီး သင်မလဲဆိုတဲ့ နည်းလမ်းလေးတွေနဲ့ ပက်သက်ပြီး လေ့လာရပါတယ်။ ပြီးရင်တော့ ဖွံ့ဖြိုးရေးဘာသာရပ်တွေကို သင်ကြားရပါတယ်။ ဆရာမတွေဆိုရင် အိမ်တွင်းမှုသိပ္ပံပညာ၊ ဆရာတွေဆိုရင် စက်မှုလက်မှုအတတ်ပညာတွေကို သင်ရပါတယ်။ အိမ်တွင်းမှုသိပ္ပံမှာဆိုရင် အခြေခံစက်ချုပ်လက်ချုပ်၊ အာဟာရဓာတ်ပြည့်ဝတဲ့ အချက်အပြုတ်ပညာတွေ၊ ရှေးဉီးသူနာပြုစုနည်းတွေကို သင်ရပါတယ်။ နောက်တစ်ခုကတော့ ကာယပညာပါ။ ဒီမှာဆိုရင် အားကစားနဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို လေ့လာရပါတယ်။ နောက်တစ်ခုကတော့ ဂီတအနုပညာဘာသာရပ်ပါ။ ဒီဘာသာရပ်မှာဆိုရင် ဆို၊က၊ရေး၊တီးကို အခြေခံသင်ယူရပါတယ်။ နောက်တစ်ခုကတော့ အပင်စိုက်နည်းတွေ မြေဆီလွှာအကြောင်းတွေကို လက်တွေ့သင်ရတဲ့ စိုက်ပျိုးရေးပညာဘာသာရပ်ပါ။ နောက်တစ်ခုကတော့ အခြေခံပုံဆွဲနည်းတွေ အရောင်စပ်နည်းတွေအကြောင်းကို သင်ရတဲ့ ပန်းချီအနုပညာဘာသာရပ်ပါ။ နောက်တစ်ခုကတော့ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ သင်္ချာဘာသာရပ်တွေကို လေ့လာရတဲ့ စာပေဘာသာရပ်ပါ။


(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။

ကျွန်မတို့နှစ်တုန်းက ပညာရေးကောလိပ်မှာ နှစ်နှစ်တက်ပြီး ဝိဇ္ဇာတက္ကသိုလ်တစ်ခုခုမှာ စာပေးစာယူထပ်တက်ရပါတယ်။ အခုကတော့ ပညာရေးကောလိပ်မှာပဲ လေးနှစ်တက်ရုံပါပဲ။ တစ်ခြားတက္ကသိုလ်ထပ်တက်စရာ မလိုတော့ပါဘူးရှင့်။ ပညာရေးကောလိပ်မှာက လက်တွေ့လုပ်ဆောင်ရတဲ့ ဘာသာရပ်တွေများပါတယ်။ သင်ကြားနည်းတွေ သင်တာပဲဖြစ်ဖြစ် ကာယပညာ သင်တာပဲဖြစ်ဖြစ် ဂီတပညာ သင်ရတာပဲဖြစ်ဖြစ် အကုန်လုံးကို လက်တွေ့ လုပ်ဆောင်ရတာများပါတယ်။ ကလေးတွေကို ပြန်လည်သင်ကြားပေးနိုင်ဖို့ ဘာသာရပ်မျိုးစုံကို နားလည်တတ်ကျွမ်းအောင် သင်ယူလေ့လာရပါတယ်။ တက္ကသိုလ်တက်ကြမယ့် မောင်လေးညီမလေးတွေကို ပြောချင်တာက ကိုယ်ဝါသနာပါရာ ဘာသာရပ်တွေကို သေချာလေးရွေးချယ်တက်ရောက်ကြပါလို့ ပြောချင်ပါတယ်ရှင့်။


Content : Khin Moh Moh Aung

Graphic : Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page