top of page

စာရေးဆရာမ မပန်းငုဝါဝါနှင့် တွေ့ဆုံခြင်း

YSE မှဦးစီးကျင်းပသည့် "COVID-19 နှင့်လူငယ်"ဆောင်းပါးပြိုင်ပွဲမှာ ရွေးချယ်စိစစ်ရေး ဒိုင်အဖြစ် ပါဝင်ကူညီပေးခဲ့သော စာရေးဆရာမ မပန်းငုဝါဝါနှင့် တွေ့ဆုံထားခြင်းဖြစ်ပါသည်။ (ဖတ်ရန်ကြာချိန် ၃ မိနစ်)

(၁) ကလောင်အမည်နှင့် စာပေလောကထဲ ဘယ်အချိန်က စတင်ဝင်ရောက်ခဲ့တာလေး ပြောပြပေးပါဦးခင်ဗျ။

ကလောင်အမည်မှာ ပန်းငုဝါဝါဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အွန်လိုင်း ဒစ်ဂျစ်တယ်မဂ္ဂဇင်းမှာ စာ စတင်ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ် ကလျာမဂ္ဂဇင်းမှာ "နံနက်ခင်းရဲ့ ဈေးကလေး"ဝတ္ထုတိုနဲ့ အစပြု၍ မဂ္ဂဇင်းစာမျက်နှာများပေါ် ဖြတ်သန်းလျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ဆိုသောစကား ချစ်ခြင်းဖြင့်သာ ကြားစေသား"အမည်ဖြင့် မဂ္ဂဇင်းပါ ဝတ္ထုတိုများစုစည်းမှု ထွက်ရှိခဲ့ကာ ၂၀၁၈ ခုနှစ်မှာ စာရေးသူ ၅ ဦး၏ "နှင်းဆီဦး"ဝတ္ထုတိုများ စာအုပ်ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ "ဆိပ်ဖလူးဝေစ ညနေခင်းတွေ"အမည်ရှိ လုံးချင်းထွက်ရှိခဲ့ပါတယ်။

(၂) ဆောင်းပါးပြိုင်ပွဲ သို့ ၀တ္ထုပြိုင်ပွဲတွေမှာ ရွေးချယ်ရေး ဒိုင်အဖြစ် လုပ်ခဲ့ဖူးတာရှိရင် ပြောပြပေးပါဦးခင်ဗျ။

"ရသစာစဉ်"မဂ္ဂဇင်းမှာ ဆောင်းပါးနဲ့ ဝတ္ထုတို ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

(၃) YSE မှ ပြုလုပ်တဲ့ "Covid 19 နဲ့လူငယ်"ဆောင်းပါးပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်ရတဲ့အခါ တွေ့ကြုံရတဲ့အမှတ်တရလေးကို ပြောပြပေးပါဦးခင်ဗျ။

ဆောင်းပါးပြိုင်ပွဲမှာ ဖတ်ရှုပေးရသူအဖြစ် ဆောင်ရွက်ရတဲ့အခါ တွေ့ကြုံရတဲ့ အမှတ်တရကတော့ ရောက်လာတဲ့စာမူတွေကြည့်ပြီး လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ ဆိုနေကြတာ ဘယ်ဟုတ်လိမ့်မတုန်းလို့ တွေးမိတာပါပဲ။ ဘာဖြစ်လို့လဲဆို သူတို့ရေးတဲ့ အကြောင်းအရာတွေ၊ အတွေးတွေထဲမှာ သူတို့ စာဖတ်ကြပါတယ်ဆိုတဲ့ အချက်တွေ သိသာမြင်သာစေလို့ပါပဲ။ အချက်အလက်၊ အကိုးအကားပြည့်စုံတဲ့ ဆောင်းပါးတွေအပြင် Covid 19 ကို အခြေပြုထားတဲ့ ဝတ္ထုဘက်ယိမ်းတဲ့ ဇာတ်လမ်းစာမူတွေကို ဖတ်ခွင့်ရလိုက်တာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အမှတ်တရပါပဲ။

(၄) လူငယ်တွေရေးသားတဲ့ ဆောင်းပါးတွေ ဖတ်ရတဲ့အခါ ခံစားရတဲ့ ပီတိ သို့ သဘောကျတဲ့ စာသားလေးရှိရင် ပြောပြပေးပါဦးခင်ဗျ။

ညီမငယ်တွေ၊ မောင်ငယ်တွေ ရေးသားတဲ့ ဆောင်းပါးတွေ ဖတ်လိုက်ရတဲ့အခါ စိတ်ဝင်စားစွာနဲ့ ရေးသားပေးပို့ ပေးကြတဲ့ မောင်ငယ်၊ ညီမငယ်များအားလုံးကို ကျွန်မကတော့ ဦးစွာ ကျေးဇူးတင်ချင်တာပါပဲ။ အစကနဦးကတော့ လူငယ်တွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိရှိကြပါ့မလား၊ Covid 19 နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုရှိရော ရှိကြပါ့မလားဆိုပြီး တွေးခဲ့မိပါတယ်။ တကယ့် တကယ် စာမူတွေ ဖတ်ရတဲ့အခါ အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်သတိရှိကြသလို ကပ်ကာလကြီးမှာ သူတို့ ကြုံတွေ့ခဲ့ကြတဲ့ အကြောင်းအရာတွေအကြောင်း၊ ဖြတ်သန်းပုံ ဖြတ်သန်းနည်းများအကြောင်းနဲ့ ထားရှိရမယ့် စိတ်နေစိတ်ထားတွေအကြောင်းကို သူတို့ရေးသားကြတဲ့ စာတွေထဲကနေ အတုယူခွင့်ရလိုက်သလို အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ အားထုတ်ကြိုးပမ်းထားကြတာမို့ ဖတ်ခွင့်ရတာကိုလည်း ကျေးဇူးတင်ကျေနပ်မိပါတယ်။

(၅) နောက်ဆုံးအနေနဲ့ ထပ်ဖြည့်ပြောချင်တာလေးတွေရှိရင် ဖြည့်ပြောပေးပါဦးခင်ဗျ။

ဒီပြိုင်ပွဲလေးကို လူငယ်တွေအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးတဲ့ YSE အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ နောင်များမှာလည်း လူငယ်တွေအတွက် ရည်ရွယ်ကျင်းပပေးတဲ့ ပြိုင်ပွဲလေးတွေ ထပ်မံ ပြုလုပ်ပေးနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။

အခုလိုဖြေကြားပေးတဲ့ စာရေးဆရာမ မပန်းငုဝါဝါအား ကျွန်တော်တို့ YSE အဖွဲ့မှ အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျ။

Tags:

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page