မူလတန်း အကြိုပညာရေး (Early Child Education)


မင်္ဂလာပါရှင်။

ယခုတစ်ပတ် YSE ကနေ မိတ်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ မူလတန်း အကြိုပညာရေး (Early Child Education) အကြောင်းပဲ ဖြစ်ပါတယ်။

မူလတန်းအကြိုပညာရေး (Early Child Education) ဆိုတာကတော့ အသက် (၃) နှစ်နဲ့ (၅) နှစ်ကြားရှိတဲ့ကလေးတွေရဲ့ ပညာရေးအကြောင်းပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အသက် (၁) နှစ်ခွဲနဲ့ မူကြိုရောက်နေတဲ့ကလေးတွေရှိသလို အသက် (၆) နှစ်မှပဲ ကျောင်းစတက်တဲ့ကလေးတွေ၊ ကျောင်းလုံးဝမတက်ရတဲ့ကလေးတွေလည်း ရှိတဲ့အတွက် ဒီမူလတန်းအကြိုပညာရေးအကြောင်းကို နားလည်ခြင်းဟာ တကယ် အရေးပါပါတယ်။ ဒါတင်မဟုတ်ပါဘူး။ မူလတန်းအကြိုပညာရေး (Early Child Education) ကို လက်ခံရရှိထားတဲ့ ကလေးတစ်ယောက်ဟာ သူ့ရဲ့ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကို ကြိုတင်လေ့လာခွင့်ရသလိုဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ ဘာလို့ ဒီလိုပြောရလဲဆိုတာကိုတော့ အချက် (၅)ချက်နဲ့ တင်ပြခင်ပါတယ်။

မူလတန်းအကြိုပညာရေးမှာဆိုရင်တော့ မူကြိုတွေ၊ နေ့ကလေးထိန်းကျောင်းတွေနဲ့ အခြားမူလတန်းမတက်ခင် တက်ရောက်ကြတဲ့ကျောင်း၊ သင်တန်း အမျိုးအစား အားလုံးပါဝင်ပါတယ်။ ဒီကျောင်းတွေ သင်တန်းတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကလေးတွေ မူလတန်းကျောင်း သူငယ်တန်းတက်တဲ့အခါမှာ အဆင်သင့်ဖြစ်နေစေဖို့ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရအောင်ဆိုရင် ဒီကျောင်းတွေ သင်တန်းတွေက ကလေးငယ်ရဲ့ စကားအပြောအဆို၊ ပေါင်းသင်းဆက်ဆံရေးနဲ့ သိမြင်တတ်ခြင်းစွမ်းရည်တွေကို လေ့ကျင့်ပေးရတာဖြစ်ပါတယ်။

အသေးစိတ် အချက် (၅) ချက်အနေနဲ့ပြောရရင်

(၁) ပေါင်းသင်းဆက်ဆံရေးနှင့် ပူးပေါင်းဆက်ဆံမှု

လူတွေဟာ တစ်ဦးတစ်ယောက်တည်း သီးသန့်နေတဲ့ သတ္တဝါအမျိုးအစား မဟုတ်ကြပါဘူး။ အမြဲလိုလို အုပ်စုဖွဲ့နေကြတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ကလေးတွေဟာ ငယ်စဉ်ကတည်းက မှန်ကန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ သူငယ်ချင်းတွေနဲ့ ကြီးပြင်းလာမှသာ အရွယ်ရောက်တဲ့အခါ မိမိရဲ့ ရှက်စိတ်ကြောက်စိတ်တွေကိုဖယ်ရှားပြီး မိမိကိုယ်ကို ယုံကြည်ချက် ပြည့်ဝနေမှာဖြစ်ပါတယ်။

မူကြိုကျောင်းတွေ တက်တဲ့အခါမှာ ကလေးငယ်တွေဟာ မျှဝေခြင်း၊ ပူးပေါင်းခြင်း၊ အလှည့်နှင့်ဆောင်ရွက်ခြင်း စတဲ့အရည်အချင်းတွေကို လေ့လာထားမှသာ လူ့ဘောင်အသိုင်းအဝိုင်းမှာ ဝင်ဆန့်တဲ့ လူငယ်လူကြီးအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။

(၂) ဘဝတစ်သက်စာ သင်ယူလေ့လာမှုအတွက် စိတ်အားထက်သန်ခြင်း

ကလေးတွေဟာ မူကြိုကျောင်းရဲ့ ပျော်စရာကောင်းတဲ့စာသင်ခန်းကနေတစ်ဆင့် သင်ယူမှုအတွက် စိတ်အားထက်သန်ခြင်းကို ရရှိထားမှုသာ ဘဝတစ်လျှောက်လုံး ဆက်လက် သင်ယူရမယ့် ကျောင်းသင်ခန်းစာနဲ့ ဘဝသင်ခန်းစာတွေကို သက်ဆုံးတိုင် လေ့လာနိုင်ကြမှာဖြစ်ပါတယ်။

မူကြိုကျောင်းတွေရဲ့ စာသင်ခန်းပတ်ဝန်းကျင်တွေဟာ ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးရည်မွန်သိမ်မွေ့လာအောင် လမ်းညွှန်ပြသပေးနိုင်ပါတယ်။ ဒီလိုနဲ့ ကလေးတွေဟာ လေးစားမှုဆိုတာ လူတွေ ပစ္စည်းတွေကိုသာ ကန့်သတ်ထားတာ မဟုတ်ဘဲ သူတို့ပတ်ဝန်းကျင်ကိုပါ လေးစားရမယ်ဆိုတာကို နားလည်လာမှာဖြစ်ပါတယ်။ ထို့အတူ စိတ်ရှည်သည်းခံခြင်းဆိုတာလည်း လူ့ဘဝတစ်လျှောက်လုံးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဆရာမရဲ့ အာရုံစိုက်မှုကို မျှဝေရရှိခြင်းနဲ့ အလှည့်စောင့်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ ကလေးငယ်တွေရဲ့ အနာဂတ်ဘဝတစ်လျှောက် လိုအပ်တဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

(၄) ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အာရုံစူးစိုက်မှု

မူကြိုကျောင်းတွေမှာ ကလေးတွေအတွက် စနစ်တကျရေးဆွဲထားတဲ့ သင်ခန်းစာတွေဟာ သူတို့လေးတွေရဲ့ မြင့်မားတဲ့ အာရုံစူးစိုက်မှုတွေကို လိုအပ်ပါတယ်။ ဒီသင်ခန်းစာတွေဟာ ကလေးတွေရဲ့ ပိုင်းခြားစိတ်ဖြာတတ်ခြင်းနဲ့ ကျိုးကြောင်းဆီလျော်တဲ့မျှော်မြင်တွေးခေါ်မှု အစရှိတဲ့ အရည်အချင်းတွေကိုလည်း တိုးတက်စေပါတယ်။ ဒီလို သင်ခန်းစာတွေကို ခဏခဏလုပ်ခြင်းအားဖြင့် အာရုံစူးစိုက်မှုမြင့်မားစေရုံမက ဦးနှောက်ဉာဏ်ပညာ ဖွံ့ဖြိုးမှုအတွက်ပါ အထောက်အကူပြုပါတယ်။

(၅) မတူကွဲပြားမှုများကို လေ့လာနိုင်ခြင်း

ယနေ့ခေတ် ကမ္ဘာလောကကြီးထဲမှာဆိုရင် မတူညီကွဲပြားမှုတွေဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ကလေးတွေဟာ မူကြိုကျောင်းမှာတွေ့ရတဲ့ မတူကွဲပြားတဲ့သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်တွေကနေတစ်ဆင့် အသက်ကြီးလာတဲ့အခါတွေ့ကြုံရမယ့် လူ့ဘောင်အသိုင်းအဝိုင်းတွေမှာရှိတဲ့ မတူညီချက် အမျိုးမျိုးကို လေ့လာပြီး အသိအမှတ်ပြုပေးနိုင်ကြမှာဖြစ်ပါတယ်။

မတူညီတဲ့ အတွေ့အကြုံတွေဟာ ကလေးငယ်တွေရဲ့ဘဝတွေကို မတူညီတဲ့လူပုဂ္ဂိုလ်တွေအဖြစ် ပုံဖော်ပေးတာဖြစ်ပါတယ်. ကလေးတွေ ငယ်ရွယ်စဉ်မှာ တွေ့ကြုံရတဲ့အဖြစ်အပျက်တွေဟာ ကလေးငယ်တွေရဲ့ ဘဝတစ်လျှောက်မှာ အကြီးမားဆုံးသော လွှမ်းမိုးမှုတွေပေးနိုင်ပါတယ်။ လတ်တလော လေ့လာတွေ့ရှိချက်တွေအရ မူလတန်းအကြိုပညာရေးဟာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ပေးစွမ်းနိုင်ကြောင်း ရေးသားဖော်ပြထားကြပါတယ်။ ဒါကြောင့်လည်း ယခုဆိုရင် အမေရိကန်နိုင်ငံမှာ Pre-K For All ဆိုတဲ့ မူကြိုပညာရေးကို ယခုနှစ်ကစတင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၃ နှစ်ကလေးတွေအားလုံး အခမဲ့တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူကြီးမိဘ ဆရာ၊ဆရာမတွေအနေနဲ့လည်း မိမိတို့ကလေးတွေကို သင့်လျော်တဲ့ မူကြိုပညာရေးကို အမြန်ဆုံးပေးနိုင်ရန်ရည်ရွယ်ပြီး မူလတန်းအကြိုပညာရေး (Early Child Education) ရဲ့ အရေးပါမှုကို တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

အချိန်ပေးဖတ်ရှုပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Content : Tint Tarawun Graphic : Phyu Sin Mon Myat

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

California Branch (USA)

801 Southgate Ave,

Daly City, CA 94015

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Yangon Branch (Myanmar)

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org