ကမ္ဘာ့အလုပ်သမားနေ့အကြောင်း


ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာက အများပြည်သူ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။

အစိုးရရုံးတွေ၊ အလုပ်ရုံတွေ၊ ဈေးဆိုင်ကန္နားတွေကို ပိတ်ပြီး အလုပ်သမားတွေရဲ့ အင်အားပြပွဲတွေ၊ စီတန်းလမ်းလျှောက်ပွဲတွေ စတဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။

အလုပ်သမားခေါင်းဆောင်အသီးသီးက အလုပ်သမားအရေးတွေကို ဟောပြောတဲ့အထိမ်းအမှတ်ပွဲတွေ ကျင်းပကြတယ်။ ကမ္ဘာ့အလုပ်သမားများနေ့မှာ အလုပ်သမားတွေအားလုံး လုပ်ခပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။

မေဒေးလို့သတ်မှတ်တဲ့ အလုပ်သမားနေ့မှာ ကမ္ဘာ့အလုပ်သမား လူတန်းစားတွေအဖို့ နိုင်ငံရေး သဘောတရားအရ အရမ်းအရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတို့ရဲ့ ဘဝသစ် တည်ဆောက်ဖို့ အလုပ်သမား အားလုံး သွေးစည်းလိုက်တဲ့နေ့လို့ ပြောရပါမယ်။

အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခတိုက်ပွဲဟာ ၁၉ ရာစုဆန်းစမှာစတင်ပြီး အမေရိကန်ပြည်ထောင်စုမှာ နိဒါန်းပျိုးခဲ့တယ်လို့ ရေးသားကြပါတယ်။ အဲ့ခေတ်အခါက အလုပ်သမားတွေဟာ နေထွက်မှ နေဝင်သည်အထိ တစ်နေ့ကို ၁၆ နာရီကနေ ၂၀ နာရီအထိ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်ဆင်းခဲ့ကြတယ်လို့ ဖော်ပြထားကြပြီး သူတို့ဘဝတွေဟာ ဘယ်လောက်ပဲ ပင်ပန်းကြီးစွာ လုပ်ရပါစေ သူတို့ရဲ့ ဘဝတွေဟာ များစွာ အောက်ကျပြီး လူစဉ်မမှီခဲ့ဘူးဆိုပြီး မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ သူတို့ရဲ့ နေရေး ထိုင်ရေးနဲ့ ကျန်းမာရေးတွေဟာလည်း အဆင့်အတန်း များစွာ နိမ့်ကျခဲ့ပါတယ်။ သူတို့ရဲ့ ဘဝတွေကို မျက်ဝါးထင်ထင် ရင်ဆိုင်ရတဲ့ အလုပ်သမားခေါင်းဆောင်တွေက အလုပ်သမားတွေ သက်သာချောင်ချိရေးအတွက် အလုပ်ရှင်တွေဆီ တောင်းခံခဲ့ကြပါတယ်။

၁၈၂၀ ပြည့်နှစ်ကနေ ၁၈၄၀ အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့မှာ အလုပ်ချိန် ၁၀ နာရီသာ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အလုပ်ရှင်တွေက အလွယ်တကူ မလိုက်လျောခဲ့ပါဘူး။ အလုပ်ချိန်လျှော့ချရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေ ဖမ်းဆီးနှိပ်ကွပ်တာတွေလည်း ရှိခဲ့တယ်လို့ မှတ်သားရပါတယ်။ အလုပ်သမားတွေရဲ့ အလျှော့မပေး ဆက်တိုက် ကြိုးပမ်းမှု တိုက်ပွဲက အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ သြစတြေးလျတိုက်ဆီအထိ ပျံ့နှံ့သွားခဲ့ပါတယ်။

၁၈၈၄ ခုနှစ် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ၁၈၈၆ ခု မေလ ၁ ရက်မှစပြီး တစ်နေ့ကို ၈ နာရီသာ အလုပ်ချိန်အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အလုပ်သမား အဖွဲ့ခွဲတွေဆီကိုလည်း အဲ့ဆုံးဖြတ်ချက်အတိုင်း အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ဖို့ ညွှန်ကြားချက်တွေ ပေးပို့ကြတယ်လို့ ရေးသားထားပါတယ်။ အဲ့ညွန်ကြားချက်အတိုင်း ဆောင်ရွက်ရာမှာ တစ်ဖက်က အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်တာတွေလည်း ခံကြရသလို အလုပ်ကနေ ထုတ်ပစ်တာတွေလည်း ခံကြခဲ့ရပါတယ်။ အချို့ အလုပ်သမားတွေက ထောင်ကျသလို အသက်ပေးဆပ်လိုက်ရတဲ့သူတွေလည်း အများအပြားပါပဲ။ နောက်ဆုံးမှာတော့ အလုပ်သမားတွေ အောင်မြင်မှု ရရှိခဲ့ပါတယ်။

အဲ့အချိန်ကတော့ ၁၈၈၉ ခုနှစ် ပါရီမြို့မှာ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့ရဲ့ ဒုတိယညီလာခံ ကျင်းပတဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲ့ညီလာခံကနေ မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

အသက်စွန့်သွားတဲ့ အလုပ်သမားခေါင်းဆောင်၊ အလုပ်သမားတွေရဲ့ အလျှော့မပေးဘဲ တိုက်ပွဲဝင်ခဲ့တာကို ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်။

Content : Thwin Htoo Set Graphic : Htet Aung

Ref : Labour Day

Tags:

Featured Posts