"You Can You Will"စာအုပ်ထဲမှ မှတ်သားဖွယ် အလေ့အကျင့်လေးများ


မင်္ဂလာပါ သူငယ်ချင်းတို့ရေ...

Home Quarantine လုပ်နေရချိန်တွေကို အကျိုးရှိရှိအသုံးချဖြစ်ရဲ့လား။ စာတွေရော ဖတ်ဖြစ်ရဲ့လား။

ဖူးကတော့ ခုလို Voluntary Self Quarantine လုပ်နေရချိန်မှာ စာပိုဖတ်ဖြစ်ပါတယ်။ ဖူးဖတ်ဖြစ်တဲ့ စာအုပ်တွေထဲကမှ New York Times Best-Selling Author Joel Osteen ရေးတဲ့ "You Can You Will"ဆိုတဲ့ စာအုပ်လေးအကြောင်း သူငယ်ချင်းတို့ကို ပြောပြပေးချင်ပါတယ်။

စာရေးသူက ဒီစာအုပ်လေးထဲမှာ အောင်မြင်သူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အလေ့အကျင့် (၈) ချက်ကို ရေးသားထားပါတယ်။ အဲ့ဒီအလေ့အကျင့်လေးတွေကတော့....

(၁)ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အိပ်မက်ကို ကိုယ်မြင်သာတဲ့ နေရာမှာထားပါ။

ကျွန်မတို့ဟာ ရည်မှန်းချက်ပန်းတိုင်ကို မရောက်တာဟာ ကျွန်မတို့ထင်သလို ကြိုးစားအားထုတ်မှုမရှိလို့၊ ပင်ကိုယ်ပါရမီ မပါလို့ကြောင့်မဟုတ်ဘဲ ကိုယ်ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်ကိုရောက်အောင် တွန်းပို့ပေးနိုင်မယ့်အရာတွေကို ကိုယ်မျက်စိရှေ့မှာမြင်သာအောင်မထားလို့ပါပဲ။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ မိမိကို စိတ်ခွန်အားဖြစ်စေမယ့် ဓာတ်ပုံတွေ၊ မိမိရဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစေမယ့် အတွေးအခေါ်စာစုလေးတွေကို အမြဲမြင်တွေ့နေဖို့လိုပါတယ်။ ဥပမာပြောရရင် သင်ဟာ အိမ်အသစ်အကြီးကြီးတစ်လုံးကို ပိုင်ဆိုင်ချင်တယ်ဆိုပါစို့။ သင့်လက်ရှိအိမ်ရဲ့ပတ်ချာလည်မှာ သင်နေထိုင်ချင်တဲ့ အိမ်အသစ်ရဲ့ဓာတ်ပုံ၊ ပန်းချီကားတွေကို ချိတ်ဆွဲထားသင့်ပါတယ် ။ အဲ့လိုမျိုး ကိုယ့်စိတ်ကူးထဲက အိမ်ကိုမြင်ရတဲ့အခါတိုင်း သင်ဟာ အဲ့လိုအိမ်မျိုးနဲ့ နေထိုင်နိုင်ဖို့ ကြိုးစားချင်တွေဖြစ်လာပြီး အကောင်အထည်ဖော်နိုင်ဖို့ ပိုနီးစပ်လာလေဖြစ်ပါတယ်။

(၂) ကိုယ့်ရည်မှန်းချက်အိပ်မက်ကိုသာ အာရုံစူးစိုက်ကြိုးစားပါ။

များသောအားဖြင့် ကျွန်မတို့ဟာ ကိုယ့်ကို အခြားသူတွေက အထင်ကြီးဖို့၊ သဘောကျဖို့၊ သူတစ်ပါး အသိအမှတ်ပြုတာ ခံရဖို့ကိုသာ အာရုံစိုက်နေမိတတ်ပါတယ်။ သူများက ကိုယ့်ကို အကောင်းမြင်ခြင်း မမြင်ခြင်းတို့ကိုကြောက်ပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို သွားဖို့အတွက်လည်း တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါကြောင့် သူများတွေရဲ့ အမြင်ကိုဂရုမစိုက်ဘဲ မိမိရဲ့အိပ်မက်တွေကိုသာ အာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားအကောင်အထည်ဖော်သင့်ပါတယ်။

(၃) ကောင်းသောအရာများကိုသာ မျှော်မှန်းပါ။

ကျွန်မတို့ဟာ အလုပ်တစ်ခုကိုလုပ်တဲ့အခါ အခက်အခဲ အတားအဆီးတွေရှိနိုင်တယ်၊ ကျရှုံးမှုတွေဖြစ်နိုင်တယ်လို့ အဆိုးမြင်အတွေးတွေနဲ့ အနာဂတ်ကိုကြည့်မိတတ်ကြပါတယ်။ အဲ့လိုမျိုး အဆိုးမြင်အတွေးတွေက ကျွန်တော်တို့ကို စိတ်အားငယ်မှု၊ စိတ်အလိုမကျမှု၊ စိုးရိမ်မှုတို့ကို ဖြစ်စေပြီး မိမိကိုယ်မိမိ ယုံကြည်မှုကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါက ကျွန်မတို့ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပြီး အောင်မြင်မှုနဲ့ ဝေးကွာစေပါတယ်။ အဲ့အစား ပိုမိုကောင်းမွန်တဲ့အရာတွေက ကျွန်တော်တို့ဆီကို ရောက်လာတော့မှာပါလို့ တွေးကြည့်တဲ့အခါ စိတ်ခွန်အားတွေတိုးလာ၊ မျှော်လင့်ချက်တွေရှိလာပြီး မိမိကိုယ်မိမိ ယုံကြည်မှုတိုးစေပြီး အရာရာကို အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါ။

(၄) အကောင်းမြင်စိတ် မွေးမြူပါ။

ကျွန်မတို့ဟာ ပြဿနာတွေ အခက်အခဲတွေကိုသာမြင်ပြီး ကျွန်တော်တို့ရဲ့ အိမ်မက်ဟာ မဖြစ်နိုင်ဘူးလို့သာ တွေးနေရင် ကျွန်မတို့ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ မဖြစ်နိုင်တာတွေဘဲတွေးပြီး မဖြစ်နိုင်ဘူးလို့ ညည်းညူနေမယ့်အစား ဖြစ်နိုင်တာလေးတွေကနေ စတင်လုပ်ဆောင်ပြီး စိန်ခေါ်မှုတွေကိုလည်း လေ့လာသင်ယူစရာ အခွင့်အလမ်းအဖြစ်သာ မြင်သင့်ပါတယ်။

(၅) အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ။

ကျွန်မတို့ဟာ အောင်မြင်ချင်တယ်ဆိုရင် အခြားသူများလို ပုံမှန်ပဲ ကြိုးစားလုပ်ဆောင်နေရုံနဲ့ မရနိုင်ပါဘူး။ သူများထက် ပိုပြီးတော့ အားစိုက်ထုတ်ရပါမယ်။ ပိုကြိုးစားရပါမယ်။ အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ရုံမဟုတ်ဘဲ ပိုများသည်ထက်ပိုကောင်းအောင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရပါမယ်။

(၆) အမြဲတမ်း လေ့လာသင်ယူပါ။

အောင်မြင်သူတွေဟာ သူတို့အောင်မြင်မှုရရှိသွားတဲ့တိုင် အသစ်အသစ်သောအရာတွေကို ဆက်လက် သင်ယူလေ့လာကြပါတယ်။ Winners Never Stop Learning ပါ။ ပန်းတိုင်တစ်ခုကိုရောက်ပြီးတဲ့အခါ နောက်ထပ်ပန်းတိုင်သစ်တစ်ခုကို သတ်မှတ်ပြီး ဆက်လက်လျှောက်လှမ်းကြပါတယ်။

(၇) အခြားသူများကို ကူညီပါ။

မိမိရဲ့အောင်မြင်မှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ဆိုရင် အခြားသူများကိုလည်း မိမိတတ်အားသရွေ့ ကူညီသင့်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေမှာလည်း လုပ်အားပေး ဝင်ရောက်လုပ်ကိုင်သင့်ပါတယ်။

(၈) စိတ်ပါဝင်စားမှုပြင်းပြပါစေ။

အောင်မြင်သူတွေဟာ လူတို့လုပ်နေတဲ့အလုပ်မှာ စိတ်ဝင်စားမှု လျော့နည်းသွားတယ်လို့ မရှိကြပါဘူး။ ဘယ်လိုအခြေအနေမှာမဆို စိတ်ပါဝင်စားမှုအပြည့်နဲ့ လုပ်ဆောင်ကြပါတယ်။ ဒါမှသာ အောင်မြင်မှုတစ်ခုပြီးတစ်ခုကို ခူးဆွတ်နိုင်မှာဖြစ်ပြီး အောင်မြင်သူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ဒါကတော့ ဖူးဖတ်ဖြစ်တဲ့ စာအုပ်လေးထဲက အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ မှတ်သားလိုက်နာသင့်တဲ့ အချက်လေးတွေကို အကျဉ်းချုပ်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း quarantine လုပ်ရင်း စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားကြနိုင်ကြပါစေ။ နောက်အပတ်တွေမှာလည်း ဗဟုသုတရရှိစေမယ့်အကြောင်းအရာလေးတွေ တင်ဆက်ပေးမှာမို့ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။

Content : Kyal Sin Phu

Tags:

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon

ANY QUESTIONS?

  • Facebook - White Circle
  • Instagram - White Circle
  • LinkedIn - White Circle
  • YouTube - White Circle

United States Office

2632 Lincolnway East  #1025
Goshen, IN 46526

(P) +1 (574) 241-1411

(E) info.usa@ysenpo.org

Myanmar Office

TRE Tower, 6th Floor, Mingalar Road

South Okkalapa Township, Yangon.

(P) +95 978-222-1020

(E) info.myanmar@ysenpo.org