စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း

March 6, 2020

 

အခုချိန်ဟာ တက္ကသိုလ်ဝင်စာမေးပွဲကြီးလည်း နီးလာပြီဆိုတော့ ညီငယ်၊ ညီမငယ်တွေအတွက် စာမေးပွဲအတွက် ပြင်ဆင်ဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

စာကြည့်ဖို့နေရာ ပြင်ဆင်ပါ။

 

- အကြမ်းမှတ်ဖို့၊ ချရေးဖို့ စာအုပ်တွေ ဖြန့်ထားဖို့ လုံလောက်တဲ့နေရာ၊ အလင်းရောင်ကောင်းပြီး လေဝင်လေထွက် ရှိတဲ့နေရာ၊ သက်တောင့်သက်သာရှိတဲ့နေရာထိုင်ခင်းအပြင် အနားမှာ ဖုန်း၊ တီဗီ (TV) တွေ မရှိတဲ့နေရာကို ရွေးချယ်ပါ။

 

- အနှောင့်အယှက်တွေ၊ ဆူညံသံတွေကင်းဝေးပြီး တိတ်ဆိတ်ငြိမ်သက်စွာ စာကိုအာရုံစူးစိုက်နိုင်တဲ့နေရာမှာ စာဖတ်ပါ။ တချို့သူတွေကတော့ တိတ်ဆိတ်ပြီး သာယာနာပျော်ဖွယ်ရှိတဲ့ နောက်ခံတေးဂီတလေးတွေကို နားထောင်ပြီး စာလုပ်ရတာ ကြိုက်ကြပါတယ်။ ကိုယ်က ဘယ်လိုမျိုးဆို စာလုပ်ဖို့ အဆင်ပြေသလဲဆိုတာ ရွေးချယ်ပါ။ 

 

ရုပ်ပုံ၊ ပန်းချီကားချပ်တွေကို အသုံးပြုပါ။

 

ကားချပ်တွေက စာတွေပြန်ကြည့်တဲ့အခါမှာ များစွာ အထောက်အကူပြုပါတယ်။ ခေါင်းစဉ်တစ်ခုကိုချရေးပြီး အဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့ သင် သိထားတဲ့အကြောင်းအရာတွေကို ရေးချပါ။ ပြီးတော့ ကျန်ခဲ့တဲ့ အချက်အလက်တွေကို မျဉ်းတားပြီးမှတ်ပါ။ စာမေးပွဲနီးလာလို့ ပြန်ကြည့်တဲ့အခါ သင်ဟာ အလွယ်တကူ မှတ်မိနိုင်မှာဖြစ်ပါတယ်။ 

 

မေးခွန်းဟောင်းတွေ လေ့လာပါ။ 

 

ဒီအချက်ဟာ မြန်မာကျောင်းသားတွေအတွက် သိပ်ပြီး ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ မေးခွန်းဟောင်းတွေကို နှစ်အလိုက်၊ ဘာသာရပ်အလိုက် လေ့လာခြင်းက စာမေးပွဲအတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။ မေးခွန်းပုံစံကို ကောင်းမွန်စွာ သိရှိနားလည်ပြီး အချိန်ကို စနစ်တကျ ခွဲဝေအသုံးချနိုင်မှာဖြစ်ပါတယ်။

 

မိဘ ဆွေမျိုး၊ ညီအစ်ကိုမောင်နှတွေဟာ အ‌နှောင့်အယှက် မဟုတ်ပါဘူး။

 

သူတို့ သင့်အနားမှာရှိနေခြင်းကို ကောင်းစွာ အသုံးချနိုင်ပါတယ်။ သင်ရထားတဲ့စာတွေကို အနားမှာရှိတဲ့သူတွေထံ ရှင်းပြခြင်းက သင့်ရဲ့နားလည်မှုစွမ်းရည်တိုးတက်လာစေမှာဖြစ်ပါတယ်။ သင် ဘယ်နေရာမှာ လေ့လာဖို့ လိုသေးသလဲဆိုတာပါ သိလာမှာဖြစ်ပါတယ်။

 

သူငယ်ချင်းတွေနဲ့ စာအတူလုပ်ပါ။

 

အဖွဲ့လိုက် စာအတူကျက်တာပဲဖြစ်ဖြစ်၊ သင်္ချာအတူတွက်တာပဲဖြစ်ဖြစ် တစ်ယောက်နားမလည်တဲ့ဟာကို တစ်ယောက်က ရှင်းပြပေးနိုင်မှာဖြစ်ပါတယ်။ "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသလို သင့်စိတ်ထဲ မရှင်းတဲ့မေးခွန်းတွေကို သူငယ်ချင်းတွေဆီ မေးခြင်းဖြင့် ထိရောက်စွာ လေ့လာနိုင်ပါတယ်။

 

ပုံမှန် အနားယူပါ။ 

 

မာရသွန်အပြေးသမားတစ်ယောကဟာ ၂၄ နာရီလုံးပြေးနိုင်မှာမဟုတ်ပါဘူး။ အခုအချိန်ဟာ စာကို လုပ်နိုင်သလောက် လုပ်ရမယ့်အချိန်ဖြစ်ပေမယ့် ဦးနှောက်ကို ပုံမှန် အနားပေးဖို့တော့ လိုပါတယ်။ တချို့သူတွေက မနက်ခင်းမှာ စာကျက်ရင် အလွယ်တကူမှတ်မိနိုင်ပေမယ့် အချို့ကျတော့ နေ့လယ်စာ ထမင်းစားပြီးချိန်ဆို ပိုနှစ်သက်ကြပါတယ်။ တချို့မှာမူ ညဘက်မှာပိုပြီးတက်ကြွစွာ အာရုံစူးစိုက်နိုင်ကြပါတယ်။ ဒါကြောင့် ညဘက်စာလုပ်သူတွေဟာ မနက်ခင်းကို ကောင်းမွန်စွာ အနားယူသင့်ပါတယ်။

အာဟာရရှိတဲ့အစာ စားသုံးပါ။

 

သင်ဟာ ထမင်းဟင်းချက်ဖို့ အချိန်ကောင်းကောင်း မပေးနိုင်ရင်တောင် အာဟာရရှိတဲ့အစားအစာ စားဖို့လိုပါတယ်။ "အူမတောင့်မှ သီလစောင့်နိုင်တယ်"ဆိုတဲ့အတိုင်း ဆာလောင်နေတဲ့သူတစ်ယောက်အတွက် စာထဲကို အာရုံစိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ စာကြည့်တဲ့အချိန်မှာ ခန္ဓာကိုယ်နဲ့ ဦး‌‌‌‌နှောက်ဟာ စွမ်းအင် တော်တော်များများကို အသုံးချပါတယ်။ ဒီတော့ ဒီလိုကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ အာဟာရရှိတဲ့အစားအစာတွေကို စားသုံးသင့်ပါတယ်။

 

စာမေးပွဲအချိန်ဇယားကို သေချာမှတ်ထားပါ။

 

သင်ဟာ စာမေးပွဲဖြေခါနီးတစ်ရက်အလိုမှ စာမေးပွဲအတွက် ပြင်ဆင်မယ်ဆိုရင် ဘာလုပ်ဖို့လုပ်ရမှန်းမသိဖြစ်ပြီး အဆုံးစွန် "ရူး"သွားနိုင်ပါတယ်။ ဒါကြောင့် စာမေးပွဲနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ၊ လိုအပ်ချက်တွေကို သေချာလေ့လာပြင်ဆင်ထားရပါတယ်။

 

နေရာခြည်ခံပေးဖို့ မမေ့ပါနဲ့။ များသောအားဖြင့် တစ်နေကုန် စာပဲလုပ်နေတဲ့အခါ နေရာင်ခြည်နဲံ မထိတွေ့ရတဲ့နေ့ရက်တွေ ရှိပါတယ်။ အကယ်၍ နေရောင်ခြည် မလှုံနိုင်ရင် Vitamin D သောက်သုံးခြင်းက ကျန်းမာသောဦးနှောက်ကို ပိုင်ဆိုင်နိုင်ပါစေ။ 

၂၀၂၀ ခုနှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့် ညီ၊ ညီမတို့ ဂုဏ်ထူးများစွာဖြင့် အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

Graphic Design : Thet Wai Htun

 

Ref : https://www.topuniversities.com/student-info/health-and-support/exam-preparation-ten-study-tips

Tags:

Share on Facebook
Share on Twitter