top of page

အချိန်ကိုစီမံခန့်ခွဲခြင်း နည်းလမ်း (၅)မျိုး


မင်္ဂလာပါရှင့်။ ယနေ့ YSE ကနေ မိတ်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ လူတို့ဘဝမှာ မရှိမဖြစ် လိုအပ်နေတဲ့အချိန်ကို စီမံခန့်ခွဲခြင်းနည်းလမ်းတွေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လူတွေဟာ ဘာလို့အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်ဖို့ လိုသလဲဆိုတာ ပြောပြပေးချင်ပါတယ်။

လူတိုင်းဟာ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲသွားမယ်ဆိုရင်တော့

(၁) အလုပ်တာဝန် လုပ်ဆောင်နိုင်စွမ်း ပိုမိုမြင့်တင်လာခြင်း (၂) အချိန်နည်းနည်းသာ အသုံးပြု၍ အလုပ်များများ ပြီးမြောက်ခြင်း (၃) အလုပ်နဲ့ ကိုယ်ပိုင်အချိန် ညီညွတ်မျှတခြင်း (၄) စိတ်ဖိစီးမှုလျော့ပါးခြင်း စတဲ့ အကျိုးကျေးဇူးကောင်းတွေ ရရှိမှာဖြစ်ပါတယ်။

အခုဆိုရင်တော့ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲအသုံးချနိုင်တဲ့နည်းလမ်းတွေ ပြောပြေပေးမယ့်အချိန်ရောက်လာပါပြီ။ ဒီလိုနည်းလမ်းတွေ အများကြီးရှိတဲ့အထဲမှ နည်းလမ်း (၅)မျိုးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) စောစောထခြင်းနှင့် နေ့တာရှည်စေခြင်း

လူတိုင်းဟာ တစ်နေ့မှာ ၂၄ နာရီစီ ပိုင်ဆိုင်ကြပေမယ့် ဒီ ၂၄ နာရီကို အသုံးပြုပုံချင်း မတူညီကြပါဘူး။ မိမိပုံမှန် အိပ်ယာထချိန်ထက် (၁၅)မိနစ်ခန့် စောထခြင်းအားဖြင့် မိမိလုပ်ချင်တဲ့ အားကစား၊ ဝါသနာနှင့် တရားထိုင်ခြင်းတို့အတွက် အလုပ်ကိုမထိခိုက်စေဘဲ လုပ်ဆောင်နိုင်မယ့်အချိန်တစ်ခုကို ရရှိမှာဖြစ်ပါတယ်။

(၂) S.M.A.R.T နည်းလမ်းသုံး၍ ရည်မှန်းချက်များ ချမှတ်ခြင်း

လူတို့ဟာ ရည်မှန်းချက်တွေ ချမှတ်တဲ့နေရာမှာ SMART နည်းကို အသုံးပြုခြင်းဖြင့် အချိန်ကို စီမံနိုင်မှာဖြစ်ပါတယ်။ S.M.A.R.T ဆိုတာကတော့ Specific - တိကျခြင်း၊ Measureable - တိုင်းတာ၍ရခြင်း၊ Achievable - အောင်မြင်မှုရနိုင်ခြေရှိခြင်း၊ Realistic - လက်တွေ့ဆန်ခြင်း၊ Time-Bound အချိန်သတ်မှတ်ချက်ရှိခြင်းပဲဖြစ်ပါတယ်။

(၃) မိမိအတွက် သက်တောင့်သက်သာဖြစ်ပြီး အလုပ်လုပ်ဖို့ကောင်းမယ့်နေရာတစ်ခုကို ရှာဖွေခြင်း

လူတို့ဟာ အလုပ်လုပ်တဲ့အခါမှာ အလုပ်များများပြီးတဲ့အချိန်နဲ့ များများမပြီးတဲ့အချိန်ဆိုပြီး ရှိတတ်ကြပါတယ်။ အကယ်၍ ကိုယ်ဟာနေရာတစ်ခု (ဉပမာ -စာကြည့်စားပွဲ)မှာ အလုပ်လုပ်လို့ အချိန်နည်းနည်းနဲ့ များများပြီးတယ်ဆိုရင် အလုပ်လုပ်တိုင်း အဲ့နေရာမှာပဲ လုပ်သင့်ပါတယ်။

(၄) အချိန်တစ်ချိန်တွင် အလုပ်တစ်ခုသာ လုပ်ခြင်း

လူအများစုဟာ မိမိကိုယ်ကို အလုပ် (၂)ခု တစ်ပြိုင်တည်းလုပ်နိုင်တယ်ဆိုပြီး ဂုဏ်ယူတတ်ကြပါတယ်။ လေ့လာစမ်းသပ်ချက်တွေဖော်ပြချက်အရတော့ လူအယောက် ၁၀၀ မှာ ၂ ယောက်သာ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်နိုင်စွမ်းရှိပါတယ်။ အဲ့လိုသတ်မှတ်ချက်ထဲမှာပါဖို့အဆိုရင် ဖြစ်နိုင်ခြေအရမ်းနည်းပါးပါတယ်။ အမှန်တကယ်ဆိုရင်တော့ အလုပ် (၃)ခုကို တစ်ပြိုင်နက်တည်းလုပ်တာထက် အလုပ် တစ်ခုချင်းစီကို အချိန်ကန့်သတ်ပြီးဆောင်ရွက်တာက မိမိရဲ့ အာရုံစူးစိုက်မှုကို ပိုမိုမြင့်မားစေရုံမက အလုပ်ပြီးမြောက်မှုမြန်ဆန်လာပြီး အချိန်ကုန်ဆုံးမှုလည်း သက်သာစေပါတယ်။

(၅) မိမိကို လှုံ့ဆောင်ပေးနိုင်မယ့်အရာကို ရှာဖွေခြင်း

လုပ်ဆောင်ရန်စာရင်း (To-do-list) အတိုင်း အလုပ်တစ်ခုပြီးတစ်ခု လုပ်နေရတာ တစ်ခါတစ်ရံ ငြီးငွေ့ဖွယ်ကောင်းပါတယ်။ မိမိအလုပ်အပေါ်မှာ စိတ်ဝင်စားမှုမရှိတဲ့အခါ အာရုံစိုက်ရတာလည်း အရမ်း ခက်ခဲပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ ငြီးငွေ့မှုမရှိအောင် အချိန်စီမံခြင်းနဲ့ပတ်သက်လို့ Ted X ဗီဒီယိုတွေကြည့်တာ Audio စာအုပ်တွေ နားထောင်တာ ဒါမှမဟုတ် ခဏတဖြုတ် လမ်းထွက်လျှောက်တာက မိမိအတွက် ပိုပြီး အကျိုးဖြစ်စေပါလိမ့်မယ်။

ယနေ့ YSE ကနေ မျှဝေပေးသွားတဲ့ အချိန်ကိုစီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ဆောင်ရမယ့်နည်းလမ်းတွေကို အားလုံးနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ နောက်အပတ်တွေမှာလည်း ဘယ်လိုအကြောင်းအရာလေးတွေ ဆက်လက်မျှဝေသွားမလဲဆိုတာကို စောင့်မျှော်ဖတ်ရှုပေးကြပါဦး။ အချိန်ပေးဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Design - Thet Wai Htun

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page