Thinzar Aung(MOO)

Meet Our Officers ဆိုတာကတော့ Youth Society for Educationမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်များ၏ သဘာထားတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ YSE Yangon Branch ရဲ့ Treasurer အဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ မသဉ္ဇာအောင်နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

Thinzar Aung Treasurer

မေး။ ။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါခင်ဗျ။

ဖြေ။ ။ အစ်မနာမည်ကတော့ မသဉ္ဇာအောင်ပါ။ အစ်မအနေနဲ့တော့ YSE မှာ Treasurer အနေနဲ့ ပါဝင်ပြီး ကူညီလုပ်ဆောင်ပေးနေပါတယ်။

မေး။ ။ အစ်မအနေနဲ့ YSE ကို ဘယ်လိုစသိခဲ့တာလဲ။ ပြီးတော့ YSE မှာ ဘယ်လောက်ကြာလုပ်ဆောင်ခဲ့ပြီလဲ။ လက်ရှိမှာကော ဘယ်လို project မျိုးမှာ ပါဝင်နေသလဲဆိုတာလေးကို ပြောပြပေးပါ။

ဖြေ။ ။ ပါဝင်ဖြစ်ခဲ့တာကတော့ အစ်မက YSE ရဲ့ Founder တွေဖြစ်တဲ့ Ma Su Sandar Nwe တို့ Ko Kyaw Tun Naing တို့ရဲ့ မိတ်ဆွေဖြစ်တာကြောင့် ဒီအဖွဲ့မှာ ပါဝင်ကူညီဖြစ်သွားတာပါ။ ဘယ်လောက်ကြာပြီလဲဆိုတာကတော့ အစ်မအနေနဲ့ အဖွဲ့စတည်ထောင်တည်းက တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။ အစ်မအနေနဲ့က Project ပိုင်းတွေမှာတော့ ပါဝင်လုပ်ဆောင်ခဲ့တာမျိုးတော့ သိပ်မရှိပါဘူး။ Treasurer ဖြစ်တာကြောင့် အဖွဲ့ရဲ့ငွေတွေကို ထိန်းသိမ်းပေးရတယ်။ ငွေကို တစ်နေရာကတစ်နေရာ လွှဲပေးတာမျိုးကိုလည်း အဖွဲ့ရဲ့ဘဏ်အကောင့်ကနေတစ်ဆင့် လုပ်ကိုင်ပေးရပါတယ်။

မေး။ ။ အစ်မအနေနဲ့ YSEရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ။ အစ်မအနေနဲ့တော့ YSE ရဲ့ လုပ်ဆောင်ချက်တွေကတော့ ကောင်းတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်အတွက် ပညာရေးက အရေးကြီးတယ်။ ပညာရေးအဆင့်အတန်းမြင့်လေလေ လူတစ်ယောက်ရဲ့ဘဝက အမြင့်ရောက်လေလေပါပဲ။ ဒါကတစ်ဆင့်ထက်ပြီး နိုင်ငံအတွက်လည်း ကောင်းကျိုးပြုနိုင်တယ်။ YSE က ပညာသင်ဖို့ ခက်ခဲနေတဲ့ကလေးတွေကိုကူညီတယ်။ ပညာသင်ဆုတွေပေးတယ်။ နယ်တွေမှာရှိတဲ့ကျောင်းတွေအထိ လိုက်ပြီး ညီပေးနေတာမျိုးကိုတွေ့ရတော့ အရမ်းကောင်းတယ်လို့ထင်မိပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ YSEမှာလက်ရှိလုပ်ကိုင်နေတဲ့ Volunteer တွေကို ရင်ထဲကနေ ပြောချင်တဲ့ စကားတစ်ခွန်းလောက်ရှိရင် ဝေမျှပေးပါဦး ခင်ဗျ။

ဖြေ။ ။ YSE မှာရှိတဲ့ Volunteer တွေက ပြောချင်တာကတော့ Volunteer ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အလုပ်တစ်ခုမဟုတ်ဘူးလေ။ ကိုယ့်အလုပ်တွေရှိနေတဲ့ကြားက အနစ်နာခံပြီး လုပ်ပေးကြတဲ့အတွက် မြင့်မြတ်တဲ့အလုပ်တစ်ခုပါပဲ။ ကိုယ့်ရဲ့လုပ်အားကြောင့် ကလေးတွေ ပညာရေးနဲ့ပတ်သက်ပြီး အဆင်ပြေသွားတာတွေတွေ့ရတဲ့အခါမှာ ဝမ်းသာရတယ်။ ပီတဖြစ်ရတယ်။ ဒီကနေတစ်ဆင့် အတွေ့အကြုံတွေရလာမယ်။ နောင်ပိုင်းမှာ ကိုယ့်ဘဝအတွက် အကျိုးရှိတာတွေကိုလည်း သင်ယူသွားနိုင်မှာပါ။ ဒါကြောင့် လက်ရှိမှာ အစ်မတို့နဲ့ အတူတူလုပ်ကိုင်ပေးနေတဲ့ Volunteer မောင်လေးတွေ ညီမလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

Author : Aung Thura Min

Featured Posts