top of page

PEN - Perceive, Escape, Never give up


မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ YSE ကနေ အပတ်စဉ် တင်ဆက်ပေးနေတဲ့ စကားလုံးလေးများ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်အတွက်ကတော့ ကျွန်တော်တို့ နေစဉ်ထိတွေ့နေရတဲ့ Pen - ဖောင်တိန် ပဲဖြစ်ပါတယ်။ ဖောင်တိန်ကတော့ စာရေးတဲ့နေရာသုံးသလို တစ်ခုခုမှတ်သားတဲ့အခါ တစ်စုံတစ်ရာစီစဉ်တဲ့အခါမှာလည်း လျာထားချက်တွေကိုချမှတ်တဲ့အခါ အသုံးပြုပါတယ်။ ဖောင်တိန်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် မပြီးနိုင်ဘဲ ရှိပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့အတွက် အသုံးဝင်နေတဲ့ဖောင်တိန်ကလေးကို ကျွန်တော်တို့တွေရဲ့ စိတ်တွေနဲ့အတူ သယ်ယူသွားဖို့အတွက် ဘယ်လိုလေးတွေ ရှိမလဲဆိုတာလေး ပြောပြသွားမှာဖြစ်ပါတယ်။ "PEN - ဖောင်တိန်၊ ကလောင်"ဆိုပြီး အဓိပ္ပါယ်မျိုးစုံဖွင့်ထားတာလေးထဲမှ ဖောင်တိန်ဆိုတာလေးကိုပဲ အလေးထားပြီးဖော်ပြသွားမှာဖြစ်ပါတယ်။ "P - Perceive သတိမူမိသည်"တဲ့။ မြန်မာစကားပုံထဲမှာ "သတိမမူ ဂူမမြင်"ဆိုပြီးရှိပါတယ်။ ဒီတော့ ကိုယ်လုပ်တဲ့အရာတွေကို သတိထားပြီး သုံးသပ်တာတို့ လုပ်ကြရပါမယ်။ ကိုယ်လုပ်လိုက်တဲ့အရာတွေကို ပြန်လည်ဆန်းစစ်ရပါမယ်။ အဲလိုမှပဲ ကျွန်တော်လုပ်လိုက်တဲ့အရာတွေထဲမှာ ဘယ်အရာတွေ ပြင်ရမလဲဆိုတာတွေကို သတိထားမိသွားမှာပါ။ အဲလိုသတိထားမိတဲ့အခါ နောက်ပိုင်း ကိုယ်လုပ်မယ့်အရာတွေကို အမှားကင်းကင်းဆိုတာထက် အမှားနည်းအောင် သတိထားပြီး ပြုလုပ်နိုင်သွားမှာပဲဖြစ်ပါတယ်။ "E - Escape လွတ်မြောက်သည်"ဆိုတာပါပဲ။ ဘာတွေကို လွတ်မြောက်ရမလဲ။ ဒီတော့ ကျွန်တော်တို့ လွတ်မြောက်ရအောင် ရုန်းကန်ရမယ့်အရာတွေလည်း အများကြီး ရှိပါလိမ့်မယ်။ အဲ့အထဲကမှ အကြောက်တရားတွေ အနှောင်အဖွဲ့တွေ စိတ်ရှုပ်ထွေးစေတဲ့အရာတွေ စသဖြင့် မလိုအပ်တဲ့အရာတွေကို စွန့်လွှတ်ရမယ်။ ဖယ်ထုတ်ပစ်ရပါမယ်။ ဒီတော့ အနှောင်အဖွဲ့ကင်းကင်း လုပ်နိုင်အောင်ဆိုရင် လွတ်လပ်နေတဲ့စိတ်အနေအထားရှိဖို့ လိုအပ်ပါတယ်။ လွတ်လပ်နေတယ်။ အနှောင်အဖွဲ့ကင်းတယ်ဆိုတာကတော့ ကိုယ့်ပတ်ဝန်းကျင်က ပြောတဲ့ရိုက်ခတ်မှုတွေ၊ ကိုယ်တိုင် ကြောက်နေမိတဲ့အရာတွေကို ဖယ်ရှားပစ်နိုင်မှ လွတ်မြောက်မှာပါ။ လွတ်‌မြောက်မှုကို ခံစားမိသွားတဲ့အခါမှာ ကိုယ်လုပ်လိုက်ရတဲ့အရာတွေကို သတိမူမိလာပြီး အကျိုးထူးတွေ ရရှိလာမှာဖြစ်ပါတယ်။ "N - Never give up အရှုံးမပေးနဲ့"ဆိုတာပါပဲ။ အချို့လူတွေဟာ ကိုယ်လုပ်ရမယ့်အရာတွေကို လွယ်လွယ်အရှုံးပေးတတ်ပါတယ်။ အရှုံးပေးတယ်ဆိုတာ မကောင်းပါဘူး။ ကိုယ်လုပ်ရတဲ့အရာတွေမှာ လွတ်‌မြောက်ခြင်းလည်း မခံစားရ။ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ခြိမ်းခြောက်မှုတွေကိုပဲ ခံစားနေမယ်ဆိုရင်တော့ ကိုယ်လုပ်ရမယ့်အရာတွေကို အာရုံမစိုက်နိုင်တော့ဘဲ အရှုံးပေးတဲ့စိတ်ကို ခံစားလာပါတယ်။ လူတိုင်း ကျရှုံးမှုတစ်ခုဆီကိုတော့ ခံစားဖူးပါတယ်။ ဘယ်လို ခံစားဖူးသလဲ မေးရင် ကိုယ်လိုချင်တာ မရတဲ့အခါ ကိုယ်ကြိုးစားလုပ်ကိုင်သမျှ အောင်မြင်မှုမရတဲ့အခါ စတာတွေအပြင် အကြောင်းပေါင်းများစွာက ကိုယ့်ကို အရှုံးပေးဖို့ တွေးစေပါတယ်။ ဒီလို မတွေးမိအောင်ဆိုရင်တော့ ကိုယ်လုပ်တဲ့အလုပ်ကို အာရုံစိုက်ပါ။ ကိုယ့်ကို စိတ်ညစ်စေတဲ့အရာတွေကို စွန့်လွှတ်လိုက်ပါ။ ကိုယ်ကြောက်နေတဲ့အရာတွေကို စိန်ခေါ်ပစ်လိုက်ပါ။ ကိုယ့်အကြောက်တရားတစ်ခုကို စိန်ခေါ်မိလိုက်တဲ့အခါ အရှုံးပေးဖို့ မတွေးတော့ပါဘူး။ နောက်တစ်ခုက လွယ်လွယ်တော့ အရှုံးမပေးဘူး။ ကြိုးစားကြည့်တယ်။ ထပ်ကြိုးစားကြည့်တယ်။ နှစ်တွေကြာလာတော့ ရှုံးတယ်ဆိုတဲ့စိတ်ကို ခံစားလာမိပြီး အရှုံးပေးလိုက်တာပါ။ ဒီလိုဆိုရင် ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ပါ။ ကိုယ်လုပ်နေတဲ့အရာတွေ သတိထားပြီး လေ့လာသုံးသပ်ပါ။ နောက်ပိုင်း သတိမူမိသွားမယ်။ သတိမူမိတဲ့အခါ စွန့်လွှတ်ရမယ့်အရာတွေကို သေချာမြင်တတ်လာမယ်။ အဲဒါဆိုရင် လွတ်‌မြောက်နေတဲ့စိတ်ကို ရရှိသွားပါမယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့တွေ ချမှတ်ထားတဲ့ ပန်းတိုင်တွေကို အေးဆေးကျော်ဖြတ်နိုင်သွားပါလိမ့်မယ်။ အရေးအကြီးဆုံးက အဝေးဆုံးမှတ်တိုင်ကို တွေးပါ။ ဒါပေမယ့် အဝေးဆုံးမှတ်တိုင်ကိုပဲ အမြဲတွေးမနေဘဲ မိုင်တိုင်အသေးလေးတွေကိုလည်း တွေးပေးပါ၊ မှတ်သားပေးပါ။ မိုင်တိုင်အသေးလေးတွေကို တစ်ခုပြီးတစ်ခု ပြီးမြောက်အောင် လုပ်နိုင်ရင်တော့ အောင်မြင်မှုဟာ ကိုယ့်အတွက်ပဲ ဖြစ်လာမှာ အသေအချာပါပဲ။ "တောင်ကြီး ဖဝါးအောက်" ဆိုတဲ့အတိုင်း ခြေလှမ်းတစ်လှမ်း မိုင်တိုင်သေး တစ်ခုဟာ နောက်ဆုံး ကိုယ့်ရည်မှန်းချက်တွေ ပြီးမြောက်အောင် ဆောင်ရွက်သွားနိုင်မှာပါလို့ ပြောပါရစေ။ အားလုံးပဲ PEN နဲ့ အနီးစပ်ဆုံးနေခဲ့သူမို့။ အားလုံးပဲ Pen ဆိုတဲ့စကားလုံးကို အမြဲသယ်ဆောင်သွားပါလို့ အကြံပြုလိုက်ရပါတယ်။ ဒီလို အင်္ဂလိပ်စကားလုံး လက်ဆောင်လေးတွေကို အပတ်စဉ်တိုင်း တင်ဆက်သွားမှာမို့ နောက်အပတ်တွေမှာ ဘယ်လိုစကားလုံးလေးတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ ဖတ်ရှုခံစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာလေးကိုဖတ်လိုက်လို့ တစ်စုံတစ်ရာ အမြင်လေးတွေ တိုးသွားမယ်ဆိုရင်လည်း သင့်သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ကြပါဦး။ Author - Thwin Htoo Set Graphic Design - Thet Wai Htun

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page