top of page

ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ


မြန်မာ့သမိုင်းတစ်လျှောက်လုံးမှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဆိုတဲ့ မင်းသုံးပါးလက်ထက်မှာ မြန်မာတစ်နိုင်ငံလုံး တပေါင်းတစည်းတည်း ရှိခဲ့ဖူးပါတယ်။ ဗြိတိသျှအစိုးရလက်အောက်မှာတော့ မြန်မာနိုင်ငံကို ရေရှည်အုပ်ချုပ်နိုင်ဖို့ တိုင်းရင်းသားတွေကို ခွဲခြားအုပ်ချုပ်ခဲ့တယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိဘဲ သွေးကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှတို့လက်အောက်ကနေ လွတ်မြောက်ဖို့ နှစ်ပေါင်း ၇၀ ကာလပတ်လုံး အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ရာမှာ မြေပြန့်သားနဲ့ တောင်တန်းသားတို့ ပူးပေါင်းဆောင်ရွက်တာ တစ်ကြိမ်မှ မရှိသေး။ ဒါပေမယ့် ဖက်ဆစ်ဂျပန်ကိုတော်လှန်တဲ့အခါမှာတော့ တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ် တိုက်ထုတ်ခဲ့ကြပါတယ်။

၁၉၄၆ ခုနှစ် ဇန်နဝါရီလက ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံမှာကျင်းပတဲ့ ဖဆပလ ညီလာခံကြီးကနေ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းရာမှာ တိုင်းရင်းသားအားလုံး လက်တွဲဆောက်ရွက်ပြီး အတူတကွ လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်ဖို့ မြန်မာ့ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့ကြတယ်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသကိုယ်စားလှယ် ၂၁ ဦးတို့က တိုင်းရင်းသား သွေးစည်းမှုအဆောက်အအုံကိုတည်ဆောက်ပေးတဲ့တောင်တန်းဒေသတွေ ပြည်မကြီးနဲ့ပူးပေါင်းဖို့ သဘောတူညီချက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။

တစ်ပြည်ထောင်လုံးက တိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ နေ့ကို ပြည်ထောင်စုနေ့လို့ ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။

ဗြိတိသျှအစိုးရကလည်း ပြည်မကြီးရော တောင်တန်းဒေသတွေပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးဖို့ သဘောတူညီရခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတောင် ဖြစ်မြောက်ရေးကို အဲ့နေ့မှာပဲ အုတ်မြစ်ချခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်တဲ့ နေထူးနေ့မြတ် တစ်ရက်ဖြစ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့လို့ မြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်တစ်ရက်အဖြစ် သတ်မှတ်ခဲ့ထားပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ပါတယ်။

၁၉၄၈ နဲ့ ၁၉၄၉ ခုနှစ်တွေမှာ ပြည်ထောင်စုသဘင်ကို ပင်လုံမြို့မှာကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်ကစပြီး ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုနေ့သဘင်ကျင်းပတဲ့အခါ ပြည်နယ်အသီးသီးက တိုင်းရင်းသားတွေ၊ ဧည့်သည်တော်တွေကို ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။ အဲ့ဧည့်သည်တော်တွေကလည်း မိမိတို့ရဲ့ ယဉ်ကျေးမှုအကတွေနဲ့ ပြန်လည်ဧည့်ခံခဲ့ပါတယ်။

၁၉၅၄ ခုနှစ်ကစလို့ ပြည်ထောင်စုအလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးက ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆက်ကမ်းသယ်ယူစေခဲ့ပါတယ်။ တိုင်းရင်းသား၊ လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့ အရောက် လက်ဆင့်ကမ်းသယ်ယူလာပြီး နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့ပါတယ်။

ကိုးကား - ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း - မေမြို့ချစ်ဆွေ

Design : Thet Wai Htun

Tags:

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page