top of page

ပိုမိုထိရောက်သော သင်ကြားရေးနှင့် အားလုံးအတွက် သင်ကြားလေ့လာရေးဆိုင်ရာ ပိရမစ်

ကျွန်မတို့ လူသားများသည် နေ့စဉ်ပြုလုပ်နေသော လှုပ်ရှားမှု အရာများအားလုံး ကိုသတိထားခြင်း၊ ပြန်လည်သုံးသပ်ခြင်းများလုပ်ဖို့  သေချာမလေ့ကျင့်ထားဘူးဆိုလျှင် ခဏတာလေးအတွင်းမှာ မေ့သွားမှာပါ။ ထိုနည်းတူစွာ သင်ကြားခြင်းပုံစံသုံးမျိုးဖြစ်သော အသံနှင့် သင်ယူသူ၊ အကြားဖြင့်သင်ယူလိုသူနှင့် လှုပ်ရှားမှုတို့ ဖြင့်သင်ယူလိုသူများ ဟူ၍ရှိရာ သင်ယူလေ့လာသူများအနေဖြင့် ထိုသင်ကြားခြင်း သုံးမျိုးမှ ပထမဦးစွာ မိမိသည် မည်သို့သော သင်ယူသူအမျိုးအစားဖြစ်ကြောင်း သိရပါမည်။ ဒုတိယအဆင့်အနေဖြင့် မိမိအားသာသော သင်ယူသူအမျိုးအစားအပေါ်တွင် မူတည်ပြီး ထိရောက်သော သင်ကြားနည်းပုံစံအမျိုးမျိုးကို သိရန်လည်းအလွန်အရေးကြီးပါတယ်။

ဒီတစ်ခါတော့ “Why Don’t Students Like School?” နှင့် “When Can You Trust The Experts? How to tell good science from bad in education” အစရှိသော စာအုပ်များကို ရေးသားထုတ်ဝေထားသော University of Virginia မှ စိတ်ပညာဘာသာရပ် ပရော်ဖက်ဆာ Daniel Willingham ရဲ့ ပိုမိုထိရောက်သော သင်ကြားရေးစနစ်နှင့် သင်ကြားရေးဆိုင်ရာ ပိရမစ်ကို ဖော်ပြလိုက်ပါတယ်။

ပုံမှာဖော်ပြထား​သည့်အတိုင်း သင်ကြားရေးဆိုင်ရာ ပိရမစ်တွင် အဆင့် (၇)ဆင့်ရှိပါတယ်။ ထိုအဆင့် (၇)ဆင့်လုံးတွင် ကျောင်းသူ၊သားများ သင်ယူရာ၌ မည်သည့်အတိုင်းအတာအထိ သင်ယူနိုင်သလဲဆိုတာ ရာခိုင်နှုန်းနှင့်တကွ ထင်သာမြင်သာ ရှိအောင်ဖော်ပြထားပါတယ်။ နိုင်ငံကြီးတွေမှာတော့ ပုံပါအတိုင်း ရာခိုင်နှုန်းနှင့် ဖော်ပြထားသော သင်ကြားသင်ယူနိုင်ပုံ အဆင့်ဆင့် လေ့လာရေးပိရမစ်ကို ငယ်စဉ်ကတည်းက ရှင်းပြပြီး ကျောင်းသားဗဟိုပြုသင်ကြားရေးကို ကျင့်သုံးနေကျပါတယ်။

(၁) Lecturing

ဆရာ/မများက ကျောင်းစာသင်ခန်းထဲတွင် သင်ကြားပို့ချပေးခြင်း၏ အရေးပါမှုသည် အခြားအရာများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပမာဏ အလွန်နည်းပါးပါသည်။ ကျွန်မတို့ ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသော ပညာရေးစနစ်သည် ဆရာ/မများ သင်ကြားသမျှကိုသာ အလွတ်ကျက်ပြီး စာမေးပွဲများကို ဖြေဆိုသော ပညာရေးစနစ်ဖြစ်သောကြောင့် ဆရာ/မများအပေါ် လုံးဝမှီခိုနေသော ပညာရေးစနစ်ဖြစ်ပြီး ကျောင်းသား/သူများအတွက် အကျိုးထိရောက်မှုသည် ၁၀ ရာခိုင်နှုန်းအောက်သာရှိပါသည်။

(၂) Reading

စာဖတ်ခြင်းသည် သင်ကြားရေးဆိုင်ရာ ပိရမစ်မှ ထိရောက်မှု အနည်းဆုံး သင်ကြားမှုများထဲမှ တစ်ခုဖြစ်သော်လည်း သင်ကြားပို့ချမှုနှင့် နှိုင်းယှဉ်ပါက စာဖတ်ခြင်းသည် အနည်းငယ်ပိုထိရောက်မှုရှိပါသည်။ ကျွန်မတို့ ငယ်စဉ်က လူကြီးမိဘများက စားများများဖတ်ဖို့ အမြဲတိုက်တွန်းလေ့ရှိပါသည်။ စာဖတ်ခြင်းဟာ ကျောင်းတက်နေစဉ် အများဆုံးလုပ်ဆောင်ရမည့် အလေ့အကျင့်လည်းဖြစ်ပြီး အကျိုးထိရောက်မှု ၁၀ ရာခိုင်နှုန်းရှိပါသည်။ သို့သော် မိမိဖတ်ထားသော စာများမှ အချက်အလက်များအား မှတ်သားထားပြီး လိုအပ်ပါက ပြန်မှတ်မိ အသုံးချနိုင်ရန်အတွက် စာဖတ်နည်းကို သိရှိနားလည်ရန်လည်းလိုအပ်ပါသည်။

(၃) Audiovisual

ရုပ်သံဖြင့် သင်ကြားခြင်းကတော့ စာသင်ခန်းထဲမှာရိုးရိုးသင်ယူခြင်း နှင့်စာဖတ်ခြင်းတို့ ထက် ပိုမိုထိရောက်ပြီး သင်ခန်းစာ၏ ၂၀ရာခိုင်နှုန်းအထိ ကျောင်းသား/သူများအတွက် အကျိုးထိရောက်မှုရှိပါသည်။ စာသင်ခန်းထဲမှာ ဆရာ/မ ညွန်ကြားမှုသက်သက်နှင့် နှိုင်းယှဉ်ပါက အသံနှင့် အရုပ်ပေါင်းစပ်ကာ သင်ကြားပေးခြင်းဖြင့် ကျောင်းသား/သူများသည် သင်ခန်းစာများကို အကျိုးရှိရှိ ပိုမိုမှတ်သားနိုင်ကြပါသည်။

(၄) Demonstration

သရုပ်ပြသင်ကြားခြင်းကတော့ ကျောင်းသား/သူများအတွက် သင်ခန်းစာတစ်ခုရဲ့ ၃၀ရာခိုင်နှုန်းကို မှတ်မိစေနိုင်သောနည်းလမ်းဖြစ်ပါတယ်။ ဆရာ/မမှ သင်ခန်းစာများကို လက်တွေ့သရုပ်ပြခြင်းသည် ကျောင်းသားသူများအတွက် ရှုပ်ထွေးသော သင်ခန်းစာများကို ပိုမိုနားလည်စေသည့် ထိရောက်သောသင်ကြားမှု တစ်ခုဖြစ်ပါသည်။

(၅) Discussion

ကျောင်းသားဗဟိုပြုစနစ်တစ်ခုလုံးအတွက် အဓိကအချက်ဖြစ်တဲ့ ဆွေးနွေးခြင်းကတော့ မသိသေးသောအရာများ သင်ခန်းစာမှနားမလည်သော အရာများကိုပါ မေးခွင့်ရနိုင်သည့်အတွက် ဆွေးနွေးခြင်းမှ ကျောင်းသား/သူများသည် သင်ခန်းစာ၏ ၅၀ ရာခိုင်နှုန်းကို မှတ်သားနိုင်ကြပါသည်။ ထို့ကြောင့် ကျွန်မတို့ မြန်မာနိုင်ငံရှိ ကျောင်းများရှိ စာသင်ချိန်တိုင်းမှာ စာဆွေးနွေးဖို့ အနည်းဆုံး ၁၅ မိနစ်ခန့် ပေးပြီး ဆရာ/မ နှင့် ကျောင်းသား/သူများ သို့မဟုတ် ကျောင်းသား/သူများကို အုပ်စုဖွဲ့ပေးပြီး သင်ခန်းစာနှင့် ပတ်သတ်သော အကြောင်းအရာများကို ဆွေးနွေးပြောကြားခြင်းနည်းဖြင့် သင်ကြားသင့်ပါသည်။

(၆) Practice (by) doing

သင်ကြားခဲ့သော သင်ခန်းစာများကို လက်တွေ့ ပြန်လည်အသုံးချခြင်းသည် ကျောင်းသားသူများအား သင်ခန်းစာ၏ ၇၀ ရာခိုင်နှုန်းကို မှတ်မိစေနိုင်သော သင်ကြားနည်းတစ်ခုဖြစ်ပါသည်။ ကျွန်မတို့ လူသားများဟာ ပညာရပ်တစ်ခုခုကို သင်ယူရာမှာ မည်သို့ပင် စာကြေပြီး အမှတ်များခဲ့သည် ဖြစ်ပါစေ ပြန်လည်လက်တွေ့ လေ့ကျင့်မှုမရှိလျှင် အထက်ပါအဆင့် ၅ ဆင့်စလုံး ပျောက်ကွယ်သွားပါလိမ့်မည်။ ထို့ ကြောင့် သင်ယူရာတွင် ပြန်လည်အသုံးချ လေ့ကျင့်ခြင်းဟာ မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါတယ်။

နံပါတ် (၇) Teach others နောက်ဆုံးအချက်ကတော့ သူတစ်ပါးအားပြန်လည် သင်ကြားခြင်း သို့ မဟုတ် မျှဝေခြင်းဖြစ်ပါတယ်။ မိမိသိထား တတ်ထားသော အချက်အလက်များကို သူတစ်ပါးအား စေတနာအပြည့်ဖြင့် မျှဝေလိုက်ခြင်းသည် ကုသိုလ်ရရုံသာမက မိမိသိပြီးသောပညာရပ် ဗဟုသုတကိုပါ ပြန်လည်အသုံးပြု သုံးသပ်ရာရောက်စေပါသည်။ ပြန်လည်သင်ကြားပေးခြင်း၊ မျှဝေခြင်းတွင် ကိုယ်တိုင်က ဘာသာရပ်တစ်ခုကို မကျွမ်းကျင်ပါက သူတစ်ပါးထံမျှဝေနိုင်မည်မဟုတ်ပေ။ ထို့ ကြောင့် မိမိ သိထားတတ်ထားသော ပညာရပ်များကို သူတစ်ပါးအားပြန်လည် သင်ကြားမျှဝေခြင်း ၊ ရှင်းပြပေးခြင်းသည် ကျောင်းသားသူများအား သင်ခန်းစာ၏ ၉၀ ရာခိုင်နှုန်းကို မှတ်မိစေနိုင်သော သင်ကြားနည်းတစ်ခုပင်ဖြစ်ပါသည်။

အထက်ဖော်ပြခဲ့သလို လူတိုင်းသည် နေ့ စဉ်နှင့်အမျှ သင်ယူနေရသူများဖြစ်သောကြောင့် သင်ကြား သင်ယူခြင်းပိရမစ်၏ အဆင့်၇ဆင့်ကို လေ့လာရင်း ပိုမိုထိရောက်သော သင်ကြားသူနှင့် သင်ယူသူများဖြစ်ကြပါစေဟု ဆုတောင်းပေးလိုက်ပါတယ်။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page