top of page

ဘွဲ့မရခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ

တက္ကသိုလ်ကျောင်းသားကျောင်းသူ အများစု မကြားချင်တဲ့၊ မဖြေချင်တဲ့၊ အဖြေပေးဖို့ အခက်တွေ့ရတဲ့မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "ကျောင်းပြီးရင် ဘာလုပ်မှာလဲ"ဆိုတာပဲဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျောင်းသားအများစုက ကျောင်းတက်ရင်းနဲ့ ဘွဲ့ယူခါနီးအချိန်သာရောက်သွားတယ်။ လုပ်ငန်းခွင်တစ်ခုခုကို ဝင်ရောက်ဖို့အတွက် အတွေ့အကြုံအရဖြစ်စေ၊ ကျွမ်းကျင်မှုအရဖြစ်စေ၊ လေ့လာထားမှု ဗဟုသုတအရဖြစ်စေ အဆင်သင့်မဖြစ်သေးတာမျိုးကြောင့် ဘွဲ့ရပြီးတဲ့အခါ ချက်ချင်း လုပ်ငန်းခွင်ကိုမဝင်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

သင်ဟာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘွဲ့ရပြီးလျှင်ပြီးချင်း လုပ်ငန်းခွင်ဝင်ဖို့ အားခဲထားသူဆိုရင်တော့ ဒီ post ဟာ သင့်အတွက်ပါပဲ။

၁။ ကျောင်းစာပြင်ပလှုပ်ရှားမှု (Extracurricular Activities) တွေမှာ ပါ၀င်လှုပ်ရှားပါ။

မိမိတက်ရောက်နေတဲ့ တက္ကသိုလ်မှာရှိတဲ့ club တွေထဲက မိမိကြိုက်နှစ်သက်ရာ club တွေမှာ ပါဝင်လှုပ်ရှားသင့်သလို အခြားသော exchange program တွေ၊ volunteering activities တွေမှာလဲ ပါဝင်လှုပ်ရှားသင့်ပါတယ်။ အဲ့လိုမျိုး ကျောင်းစာ ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းဖြင့် လုပ်ငန်းခွင်အတွက် အရေးပါတဲ့ soft skills တွေဖြစ်တဲ့ teamwork skill ၊ communication skill၊ social skill၊ leadership skill၊ problem-solving skill၊ time-management skill၊ critical-thinking skill၊ adaptability စတဲ့ skill တွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့ social network ပါ ကျယ်ပြန့်လာနိုင်ပြီး ပညာရေးဆိုင်ရာ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာသတင်းအချက်အလက်တွေလည်း ပိုမိုရရှိနိုင်ပါတယ်။

၂။ မိမိအတွက် သင့်လျော်တဲ့၊ စိတ်၀င်စားတဲ့ သင်တန်းတွေ တက်ပါ။

၂၁ ရာစု လူငယ်တစ်ယောက်အနေနဲ့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာသင်တန်းတွေကိုတော့ မဖြစ်မနေ တက်ထားသင့်ပါတယ်။ အင်္ဂလိပ်စာကို ရေးဖတ်စကားပြော (4 Skills) တတ်မြောက်အောင်လေ့လာထားသင့်သလို၊ ကွန်ပျူတာကိုလည်း အနည်းဆုံး အခြေခံလောက်တော့ ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားပါက အခြားသော ဘာသာစကားဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ သင်တန်းတွေကိုလည်း တက်ထားသင့်ပါတယ်။

၃။ Digital Literacy Skills များရှိအောင် ပြင်ဆင်ထားပါ။

သင်ဟာ မည်သည့်နယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်ပါစေ digital skill တွေပါ တတ်မြောက်ထားမယ်ဆိုရင်တော့ သူများထက် တစ်ပန်းသာပါတယ်။ နည်းပညာတွေ တစ်ဟုန်တိုး တိုးတက်လာတဲ့ ခေတ်ကြီးမှာ အလုပ်တွေကို online ကနေ digital tools တွေ အမျိုးမျိုးသုံးပြီး လုပ်ဆောင်လာကြတဲ့အတွက် digital skills တွေကတော့ မဖြစ်မနေ တက်မြောက်အောင် လုပ်ထားသင့်ပါတယ်။

၄ ။ Internship တွေဆင်းပါ။ Part-time job တွေလုပ်ပါ။

ဘွဲ့ရပြီးချက်ချင်း အလုပ်မရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ လုပ်ငန်းအတွေ့အကြုံမရှိလို့ပါပဲ။ သို့သော် သင်က ကျောင်းပိတ်ရက်တွေမှာ မိမိအနာဂတ်မှာ လုပ်လိုတဲ့ အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်မယ်၊ intern တွေ ဆင်းထားမယ်ဆိုရင်တော့ ကျောင်းတက်နေရင်း လုပ်ငန်းအတွေ့အကြုံတွေ ရရှိထားမှာဖြစ်ပြီး ကျောင်းပြီးလို့ အလုပ်လျှောက်တဲ့အခါ အဲ့လုပ်ငန်းအတွေ့အကြုံတွေက အထောက်အကူပြုမှာဖြစ်ပါတယ်။

၅။ CV ကိုသေချာပြင်ဆင်ထားပါ။

သင်အလုပ်လျှောက်တဲ့အခါ အင်တာဗျူးအခေါ်ခံရဖို့အတွက် အရေးပါတဲ့အရာတစ်ခုကတော့ သင့်ရဲ့ CV ပါပဲ။ တကယ်အလုပ်လျှောက်တော့မှ CV ကို ပြီးစလွယ်အမြန်ရေးလိုက်တာမျိုး မလုပ်ဘဲ CV ကောင်းတစ်စောင်ကို ရေးပုံရေးနည်းတွေကို ရှာဖွေလေ့လာပြီး သေချာစနစ်တကျ ရေးသားပြင်ဆင်ထားသင့်ပါတယ်။

၆ ။ စာများများဖတ်ပြီး သင်ယူလေ့လာပါ။

ကျောင်းမှာ သင်တဲ့စာတစ်ခုတည်းကို လေ့လာကျက်မှတ်ရုံနဲ့ မလုံလောက်ပါဘူး။ အပြင်စာအုပ်စာပေများစွာကိုလည်း သုတ၊ ရသ စုံလင်အောင် ဖတ်ရှုသင့်ပါတယ်။ စာများများဖတ်ခြင်းက မိမိရဲ့ အသိဉာဏ်ပညာကို ကျယ်စေပြီး ဗဟုသုတကိုလည်း တိုးပွားစေတဲ့အတွက် သင့်ကို လမ်းကြောင်းမှန် လျှောက်လှမ်းနိုင်ဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။

Content - Kyal Sin Phu Graphic - Htet Aung

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page