top of page

အင်္ဂလိပ်​စာလေ့လာနည်း

အင်္ဂလိပ်​စာသည် နိုင်​ငံတကာသုံးဘာသာရပ်​ ဖြစ်​ပြီး ယခု​ခေတ်​တွင်​ လူတိုင်းအလိုလိုပင်​ အင်္ဂလိပ်​စာကို ဘုံဘာသာစကား အဖြစ်​အသုံးပြုလာသည်​ကို မြင်​​တွေ့နိုင်​ပါသည်။ ထို့​ကြောင့်​လည်း အင်္ဂလိပ်​စာ၏ အ​​ရေးပါပုံကိုအနက်​အမျိုးမျိုး ဖွင့်​ဆိုခဲ့ကြပြီး ယခု​ခေတ်​အခါတွင်​လည်း အင်္ဂလိပ်​စာကို မရှိမဖြစ် ​လေ့လာထားသင့်​​သော ဘာသာရပ်​အဖြစ်​ သတ်​မှတ်​ထားကြပါသည်။

ကျွန်​မလိုပင် မြန်​မာပြည်​မှ ​ကျောင်းသူ ​ကျောင်းသား အများစုသည်​ အင်္ဂလိပ်​စာကို ​ရေးတတ်​ ဖတ်​တတ်​​နေ ကြပါသော်​လည်း ​ပြောထွက်​ရန်​ အလွန်​ပင်​ခက်​ခဲ​နေကြပါသည်​။ ထိုကဲ့သို့သော အခက်​အခဲများကို ကျွန်​မ အ​နေဖြင့် အမြဲ​အလိုလိုမေးခွန်းထုတ်​​ပြီးအဖြေရှာလေ့ရှိပါသည်။ ထိုကဲ့သို့အကြောင်းအရင်းများကြောင့် အင်္ဂလိပ်​စာသင်​ကြား​နေ​သော ဆရာမ တစ်​​ယောက်​အနေဖြင့် အင်္ဂလိပ်​စာ အ​ရေး၊ အဖတ်​ ၊ အ​ပြော နှင့် နားထောင်​မှုစွမ်းရည်​များအား မည်ကဲ့သို့လေ့လာသင့်ပုံ အဆင့်ဆင့်ကိုဖော်ပြမျှဝေလိုက်ပါသည်။

ပထမဦးဆုံးအနေဖြင့် မိမိလေ့လာနေသည့် ဘာသာရပ်တစ်ခုကို ချစ်တတ်ရန်များစွာ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရေရှည်လေ့လာမှုပြုလုပ်ရာတွင် မိမိသင်ကြားလိုသည့် ဘာသာရပ်ကို ချစ်မြတ်နိုးပါက စာလေ့လာမှုခရီးမှာ ပိုတွင်ကျယ်သွားနိုင်သောကြောင့် ဖြစ်ပါ သည်။ ထို့ကြောင့်လည်းအင်္ဂလိပ်​စာကို စတင်လေ့လာစဉ်ကတည်းစပြီး ဤဘာသာကိုချစ်တတ်စေရန် ပထမဦးစွာ ကြိုးစားသင့်ခြင်းဖြစ်ပါသည်။ လေ့လာသည့်နေရာတွင်လည်း ပျင်းမသွားစေရန် ဝါသနာအလိုက်၊ ဥပမာ အင်္ဂလိပ်​သီချင်းများ နားထောင်ခြင်း (သို့မဟုတ်) အင်္ဂလိပ်ကာတွန်းများအားကြည့်ရှုခြင်း စသည်ဖြင့် အင်္ဂလိပ်​စာလေ့လာမှုအတွက် နားထောင်မှုစွမ်းရည်ကိုများစွာ အထောက်အကူပြုစေနိုင်သော နည်းလမ်းများအားရှာဖွေအသုံးချသင့်ပါသည်။

ဒုတိယအချက် ဖြစ်သည့် အင်္ဂလိပ်စာဖတ်ခြင်း စွမ်းရည်အား ကာတွန်းများဖတ်ခြင်း (သို့မဟုတ်) လွယ်ကူသော စာအုပ်များ ဖတ်ရှုခြင်း မှစတင်ပြီး တစ်ဖြည်းဖြည်းလေ့ကျင့်သင့်ပါသည်။ စာဖတ်ခြင်းစွမ်းရည်ကို မြှင့်တင်သည့်အရာတွင်လည်း တစ်ဆင့်ချင်းစီ မိမိတတ်နိုင်သည့် အဆင့်မှ စတင်သင့်ပါသည်။ ထိုမှသာ မိမိစာဖတ်သည့်အခါတွင် ကာတွန်းများမှတစ်ဆင့် အခြားခြားသော ဝတ္တုစာအုပ်များကိုပါ ဖတ်လာနိုင် သောကြောင့် မိမိကိုယ်ကိုယ်ယုံကြည်မှုများတိုးပွားလာစေမှာဖြစ်ပါသည်။ နောက်တစ်ချက်အနေဖြင့် မှတ်စုမှတ်တတ်သည့် အလေ့အကျင့်ကိုလည်း တစ်ပါတည်းတွဲပါလာအောင် လေ့ကျင့်ရပါမည်။ ဤတွင်လည်း မိမိတတ်နိုင်သမျှမှတ်နိုင်သမျှ အင်္ဂလိပ်ဘာသာဖြင့်သာ ကြိုးစား မှတ်သား၍ မြန်မာလို မှတ်သားခြင်းမပြုမိစေဖို့ ဂရုပြုရန် လိုအပ်ပါသည်။

အင်္ဂလိပ်စာ စွမ်းရည်များထဲမှ တစ်ခုဖြစ်သည့် စာရေးခြင်းစွမ်းရည်ကို လေ့ကျင့်ရာမှာလည်း စာဖတ်ခြင်းစွမ်းရည်နှင့်တွဲ၍ လေ့ကျင့်လျှင်ပိုမိုထိရောက်နိုင်ပါသည်။ စာရေးခြင်းသည် ခက်ခဲသောအကျင့်တစ်ခု ဖြစ်သောကြောင့် ကိုယ်တိုင်မှ ပန်းတိုင်တစ်ခု သတ်မှတ်ကာ ပညာသင်ဆုရရှိစေရန် ရည်ရွယ်ပြီး အင်တာနက်ပေါ်တွင် တစ်ခြားသူများ ရေးသားထားသော စာစီစာကုံးပုံစံများ၊ ဝတ္ထုပုံစံများကို သေသေချာချာလေ့လာကာ မိမိမှလည်း တစ်ရက်ကို အနည်းဆုံး တစ်ပုဒ်စီရေးကျင့်သင့်ပေသည်။

နောက်ဆုံးစွမ်းရည်ဖြစ်သည့် အင်္ဂလိပ်စကားပြောဆိုခြင်းစွမ်းရည်အား ပိုမို၍အားစိုက်ပြီးလေ့လာသင့်ပါသည်။ ပထမဦးဆုံးအနေဖြင့် မိမိနှင့် စိတ်တူကိုယ်တူ အင်္ဂလိပ်စာကို စိတ်ဝင်တစားလေ့လာလိုသည့် သူငယ်ချင်းများကို ရှာဖွေကာ အတူတူစကားပြောလေ့ကျင့်သင့်ပါသည်။ ထိုသူများ မအားလပ်သည့်အချိန်များတွင် မိမိဘာသာမိမိ အသံသွင်းပြီး အသံထွက်များကို စစ်ဆေးခြင်း၊ ပြန်ပြင်ပြောခြင်း၊ ပြန်လည်၍အသံထွက်များအားလေ့ကျင့်ခြင်းများကို ထပ်ကာတစ်လဲလဲ လေ့ကျင့်သင့်ပါသည်။ အင်္ဂလိပ်စကားပြောဆို ခြင်း စွမ်းရည်သည် နားထောင်ခြင်း၊ စာဖတ်ခြင်းနှင့် စာရေးသားခြင်းစွမ်းရည်များနှင့် များစွာ သက်ဆိုင်နေပြီး မိမိ၏အမှားများ (အသံထွက်အမှားများ)ကိုလည်း မရှက်တမ်း ဂရုပြုကာလေ့ကျင့်ထားမှသာ မိမိ၏စကားပြောစွမ်းရည် ပိုမိုတိုးတက်လာမှာဖြစ်ပါသည်။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page