top of page

ကျွန်တော်နှင့် YSE by Kyaw Tun Naing (CEO)


Youth Society for Education (YSE) အဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး မြန်မာတွေရော မြန်မာမဟုတ်ကြတဲ့ သူငယ်ချင်း၊မိတ်ဆွေ၊သူစိမ်းတွေကမေးခွန်းဆင်တူတွေကို အများကြီး လာမေးကြပါတယ်။ ဒါကြောင့် အခု ကျောင်းပိတ်ရက်လေးမှာအားလုံးမေးထားတာတွေကို အကျဉ်းချုံးပြီး အပျော်သဘောလေးမျိုးလုပ်ပြီး ပြန်ရှယ်ပေးချင်ပါတယ်။ လာအမေးခံရလို့ စိတ်မဆိုးသလို ဘယ်သူ့ကိုမှလဲ စောင်းမြောင်းပြီး ပြောထားတာမဟုတ်ပါဘူး။ နောက်ထပ် သိချင်တာတွေရှိရင်လဲ ထပ်ပြီးမေးဖို့ တောင်းဆိုပါတယ်။ကျောင်းမှာ ဆရာတွေအမြဲ ပြောသလို ပေါ့ .. မသိတဲ့လူတစ်ယောက်ရှိရင် တခြား မသိတဲ့လူတွေလဲအများကြီးရှိမှာပဲတဲ့ ..

ကျွန်တော်နှင့် YSE

အပိုင်း (၁)

ဗျာ … မင်းက ဒါလုပ်တာလခ ဘယ်လောက်ရလဲတဲ့ ..

ဟုတ်ကဲ့ လခရဖို့နေနေသာသာ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကားဆီဖိုး၊ ဖုန်းဘေလ်ဖိုး၊ စာရွက်စာတမ်းဖိုး၊ ဟိုဟာဖိုး ဒီဟာဖိုး တော်တော်များများကို မအားတဲ့ကြားက ကိုယ့်ဘာသာကိုယ် စုထားတဲ့ပိုက်ဆံနဲ့ အိတ်စိုက်ပြီး ဒီအဖွဲ့ကို ၂၀၁၂ စက်တင်ဘာ ၂၈ရက်နေ့ မှာ Daly City, CA, USA မှာစတင်ခဲ့တာပါ။ စိတ်ကူးကိုချက်ချင်း အကောင်အထည်ဖော်ဖို့ အားပေးတဲ့လူကတော့ သိပ်မရှိခဲ့ပေမဲ့ ကိုယ့်ပညာရေးထိခိုက်မှာ စိတ်ပူပြီး တော်တော်များများကတော့ မဖြစ်နိုင်ပါဘူး ရေရှည်မခံနိုင်ပါဘူး မလုပ်နိုင်ပါဘူး ဆိုပြီးတားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၁-၂၂ နှစ်အရွယ်ဆိုတော့ ခေါင်းမာလို့ကောင်းတုန်း၊ စိတ်ကူးလို့ကောင်းနေတုန်းလေ … လုပ်ချင်တာကို မရရအောင်နည်းလမ်းရှာကြံပြီး လုပ်လိုက်ရမှ ကျေနပ်တာ။ အဲ့တော့ ဒေါ်လာ ၂၀ နဲ့ ဗလာစာအုပ်တွေဝယ်၊ ဘက ကျောင်းမှာလှူ၊ဖေ့ဘုတ်ပေါ်မှာတင်ပြီး ကိုယ်တွေနဲ့ စိတ်ချင်းတူတဲ့ လူငယ်တွေ၊ တခြား စိတ်ဝင်စားမဲ့ အလှူရှင်တွေကိုရှာဖို့ တစ်ယောက်ထဲ စခဲ့တယ်။ အခုတော့ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်နဲ့ Yangon (Myanmar), California (USA), Pennsylvania (USA) တို့ မှာ Branch ၃ခုရှိသွားပါပြီ။ ကိုယ်တွေလဲ ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ မို့လို့ နောက်ပိုင်း အဆင်ပြေလာတဲ့အချိန်မှပဲလိုအပ်တဲ့နေရာမှာ စိုက်ထားတဲ့ အသုံးစရိတ်တွေကို ပြန်နှုတ်ယူပါတယ်။ ဒါပေမဲ့ အခုထိလည်း လခယူပြီး လုပ်နေတာမဟုတ်သလို အဖွဲ့ဝင်တွေအားလုံးလဲ ဘယ်သူမှ လခမယူကြပါဘူး။ သူတို့တွေလဲကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စရိတ်ကိုယ်စိုက်၊ တစ်ခါတစ်လေမှာ ကိုယ်ကိုတိုင် မတည် အလှူငွေတောင် ထည့်ပြီး ဒီအဖွဲ့ရဲ့ ရည်မှန်းချက်တွေပရောဂျက်တွေ အကောင်အထည်ပေါ်လာဖို့ ဖြစ်လာဖို့ ကြိုးစားနေကြတာပါ။ တစ်ချိန်ချိန်မှာတော့ part-time, full-time တွေငှားပြီးဒီထက်မက ပိုပြီး ထိထိမိမိလုပ်နိုင်အောင် ကြိုးစားသွားပါမယ်။

ဗျာ … မင်းကမြန်မာပြည်ပညာရေးစနစ်အကြောင်းဘယ်လောက်သိလို့ ဒါတွေလုပ်နေရတာလဲတဲ့ …

ဟုတ်ကဲ့ ပြောရရင်တော့ ဘာမှကိုသိပ်မသိပါဘူး။ ကိုယ်တွေလဲငယ်ငယ်လေးထဲကဒီရောက်နေတဲ့ မြန်မာလူငယ် International ကျောင်းသားတော်တော်များများလို မြန်မာကျောင်းမှာ ၄တန်းထိ ပဲတတ်ခဲ့ရပြီး အင်္ဂလိပ်ကျောင်း ဆက်တတ်ခဲ့တာဆိုတော့ မြန်မာပြည်ပညာရေးစနစ်ကို ဘာမှကိုမသိတာပါ။ ကိုယ်ကိုတိုင်လဲဒီရောက်ခါစကဆိုရင် language and cultural အပြောင်းအလဲ၊ အခက်အခဲတွေ အများကြီး ကြုံခဲ့ပါတယ် ။ဒါကြောင့်လဲ ကိုယ်တွေလို ဘ၀တူတွေရှိရင် သူတို့ရဲ့အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီိပေးဖို့၊ ပြီးတော့ မြန်မာပြည်ကငွေကြေးချို့တဲ့ တဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေ၊ ဘကကျောင်းက ကလေးတွေကို ပညာရေးနဲ့ ပတ်သတ်ပြီး ကူညီပေးဖို့ စိတ်ကူးနဲ့ ဒီအဖွဲ့ကို တည်ထောင်ခဲ့တာပါ။ တစ်နိုင်ငံလုံးကို ချက်ချင်းကြီးပြောင်းလဲဖို့ မရည်ရွယ်သလို အဲ့လောက်ထိလဲ ကိုယ်တွေက ထိထိရောက်ရောက်မရှိပါဘူး။ ကိုယ်လုပ်နိုင်တာလေးလုပ်ရင်းနဲ့ကုသိုလ်ယူပြီး ပီတိလေးဖြစ်ရုံလေးပါ။

အပိုင်း (၂)

ဗျာ … မင်းတို့က ဘယ်သူ့လက်အောက် ဘယ်အဖွဲ့အစည်းလက်အောက်မှာ လုပ်နေတာလဲတဲ့ …

ဟုတ်ကဲ့ YSE ကအခုဆိုရင် ၆နှစ်ရှိပါပြီ။ ၆နှစ်လုံးလုံး ဘယ်သူ့လက်အောက်မှာမှ မနေခဲ့သလို ဘယ်အဖွဲ့အစည်းလက်အောက်မှာလဲ မရှိပါဘူး။ ပွဲတွေမှာရတဲ့အလှူငွေ၊ လစဉ်လှူပေးနေကြတဲ့ အလှူငွေတွေနဲ့ တတ်သလောက်မှတ်သလောက် ကြိုးစားလုပ်ပြီးရှိသလောက်နဲ့ ရပ်တည်နေတာပါ။ ဒါပေမဲ့ YSE ကို မြို့ခံပွဲတွေမှာ လုပ်အားပေး၊ ကူညီပေးဖို့ လာပြီးကမ်းလှမ်းရင်တော့ကိုယ်တွေအတွက်လဲ အလှူငွေအနည်းအငယ်ရအောင် ရှိတဲ့ လူအင်အားနဲ့ ကူညီပေးပါတယ်၊ လက်တွဲလုပ်ပါတယ်။ လက်ရှိမှာတော့ USA မှာရော မြန်မာပြည်မှာရော လက်တွဲလုပ်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ YSE အနေနဲ့လည်း လှူသင့်တဲ့အဖွဲ့အစည်းတွေကို ပြန်ပြီးလှူပေးပါတယ်။ ဘာလို့ တခြားလူ၊ အဖွဲ့အောက်မှာ မလုပ်တာလဲဆိုတော့ ကိုယ့်ရဲ့ vision ကိုယ့်အဖွဲ့ရဲ့ missionတွေပျောက်သွားမှာ စိုးလို့ပါ။ ပြီးတော့ ကိုယ့် speed နဲ့ကိုယ်သွားနေတာဆိုတော့သူများတွေလက်အောက်မှာ သူတို့ အနှေး (သို့) အမြန် speed နဲ့လိုက်မလုပ်နိုင်ရင် ကိုယ့်အသင်းသားတွေအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ စကားများတာတွေ၊မတည့်တော့ တာတွေ ဖြစ်လာမှာစိုးလို့ ပါ။ အဲ့တော့ ဒီအသင်းကို ကျွန်တော်နဲ့ အတူအဖွဲ့သားအားလုံးက တိုင်တိုင်ပင်ပင်နဲ့ လက်တွဲလုပ်ကြပြီး တခြား Experience ရှိတဲ့လူငယ်၊ လူလတ်၊လူကြီးတွေကစေတနာနဲ့ ဘေးကနေ၀ိုင်းဝန်းပြီးကူညီပံ့ပိုးပေးကြပါတယ်။

ဗျာ … မင်းတို့အဖွဲ့က လူငယ်တွေပဲဆိုတော့ အချိန်တွေအများကြီးပေးနိုင်ကြမှာပေါ့နော်တဲ့ …

ဟုတ်ကဲ့ မဟုတ်ပါဘူး ထင်သလောက်တော့လည်း မလွယ်ပါဘူး။ အားလုံးက အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ အားတဲ့အချိန်တွေကိုပေးပြီး လုပ်အားပေးအနေနဲ့လုပ်နေကြတာပါ။ ဒီအဖွဲ့ မှာ ရာထူးအမျိုးမျိုးရှိသလို အဖွဲ့ ခေါင်းဆောင်တွေလဲ ခန့်ထားပေးထားပါတယ်။ အားလုံးက California state တစ်ခုထဲမှာပဲ ရှိနေတာ မဟုတ်တော့ ဖုန်းခေါ်ပြီးတော့ပဲအစည်းအဝေးလုပ်ကြပါတယ်။ Time zones တွေမတူကြတော့ တစ်ခါတစ်လေဆိုရင် ညသန်းခေါင်ကနေ မနက် ၃-၄ နာရီထိ ပုံမှန်ဖုန်းအစည်းအဝေး ထိုင်ကြပါတယ်။ကျောင်းမှာ၊ အလုပ်လုပ်နေရင်း၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ Vacationsသွားနေရင်တောင်မှ ကောင်းကောင်း enjoy မလုပ်နိုင်ကြ ပဲ YSE chat boxes တွေကိုဖွင့်ထားပြီး အရေးကြီးရင် အရေးကြီးသလို ချက်ချင်း meetings လုပ်၊ဖုန်းပြောတာတွေလုပ်ကြပါတယ်။ ဒါတွေက မြန်မာအဖွဲ့ဝင်တွေတင်မဟုတ်ပဲတခြား လူမျိုးခြားအဖွဲ့ဝင်တွေလဲပါပါတယ်။အဲ့လိုမျိုးအိပ်ချိန်တွေ၊ ကိုယ်ပိုင်အနားယူချိန်တွေ၊ အလုပ်ချိန်တွေကိုပေးပြီး တတ်နိုင်သလောက် ၀ိုင်းကူနေကြတာပါ။ တကယ်တမ်းကျတော့ ကိုယ်တွေထက်အများကြီးအချိန်ပေးနိုင်လို့ ပိုကြိုးစားပြီး အောင်မြင်သွားကြတဲ့၊ အောင်မြင်နေကြတဲ့ မြန်မာတွေဆိုတာလဲ ဒုနဲ့ဒေးပါပဲ။ ဒါတွေကိုပြောပြပြီး ကိုယ့်အဖွဲ့ ဂုဏ်ကိုယ်ဖော်နေတာလဲ မဟုတ်ပါဘူး။ သူတို့လူငယ်လေးတွေရဲ့ တတ်နိုင်သလောက် ကြိုးစားနေတာတွေ၊ သူတို့ရဲ့ လုပ်ရပ်တွေကို အားပေး ကူညီဖေးမ စေချင်လို့ပါ။

အပိုင်း (၃)

ဗျာ … မင်းတို့အဖွဲ့ကလူတွေအများကြီးဆိုတော့ သူတို့တွေအားလုံးနဲ့ ဘယ်လိုဆက်သွယ်၊ အလုပ်လုပ်လဲတဲ့။

ဟုတ်ကဲ့ ကျွန်တော့်အဖွဲ့ဝင်လူငယ်တွေကို နောက်လိုက်နေရာထက် ခေါင်းဆောင်နေရာ၊ ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် ကိုယ်သိသလောက်၊တတ်သလောက်နဲ့ Senior officers, Executive directors တွေက ၀ိုင်းပြီးကူညီပေး၊ သင်ပေးကြပါတယ်။ Assignments တွေကိုလဲ အဖွဲ့ခေါင်းဆောင်တွေကပဲစီမံခန့် ခွဲပေးပါတယ်။တော်တော်များများကကိုယ့်ထက်ငယ်ပြီး ကိုယ့်ထက်ပိုလုပ်နိုင်၊ ပိုအရည်အချင်းရှိတဲ့လူတွေပါပဲ။ အဲ့ဒါကြောင့်လဲ သူတို့တွေအားလုံးကို ကိုယ်ကျွမ်းကျင်ရာအပိုင်းတွေမှာ ခေါင်းဆောင်နေရာတွေ ပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ ငါ Founder ပဲဆိုပြီးနေရာတကာ ၀င်ပါတာမျိုး၊ ဆရာလုပ်တာမျိုးမလုပ်ဘဲနဲ့ဘေးကနေပဲ သင့်တော်တာတွေ၊ လိုအပ်တာတွေ၊ ကိုယ်လိုချင်တာတွေကို ပြောပြ၊သင်ပေး၊ကူညီပေးပြီးတော့ Let the professionals do their jobs ဆိုတာမျိုး ပဲလုပ်ပါတယ်။သူတို့ပြောတာတွေ၊ စဉ်းစားတာတွေက ကိုယ်ထင်တာ၊ကိုယ်စဉ်းစားတာထက် ပိုကောင်းရင်၊ ပိုသင့်တော်ရင် သူတို့ပြောတာကို လက်ခံနားထောင်ပြီး ရှေ့ဆက် အလုပ် လုပ်ကြပါတယ်။သူတို့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်တီထွင်မှုတွေနဲ့ လုပ်ကြတော့ YSE အတွက်လဲအများကြီး အထောက်အကူဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ကိုယ်တွေတစ်ခါမှ မကြားဖူးတာတွေတောင် ရှိပါတယ်။ အဲဒါတွေဆိုရင်လဲ ကိုယ်တွေကပြောစရာတောင်မလိုပဲသူတို့တွေကဦးစီး အချိန်ပေးပြီး လုပ်ပေးကြပါတယ်။ အဖွဲ့ခေါင်းဆောင်တွေအတွက်Assignmentsတွေဆိုရင်လဲ ကိုယ်တွေကတစ်ယောက်ချင်းစီကို လိုက်ပြီးလုပ်ခိုင်းစရာတောင် မလိုပဲနဲ့ meeting လုပ်နေတုန်း၊ စကားပြောနေတုန်းမှာပဲသူတို့ လုပ်နိုင်တဲ့ အလုပ်တွေကို ကိုယ့်ဘာသာကိုယ် အသီးသီးတာဝန်ယူသွားကြတယ်၊ အချင်းချင်း တာဝန်ပေးသွားကြတယ်။ ပြီးရင်လဲ သူတို့ schedules နဲ့ သူတို့အလုပ်လုပ်ပြီး သူတို့ရာထူးနဲ့ သူတို့လုပ်ရမဲ့ responsibilities တွေကို အနောက်ကနေအမြဲတမ်းလိုက်ပြီးပြောနေစရာမလိုပဲနဲ့ တာဝန်တွေ ပြီးဆုံးအောင် လုပ်သွားကြတာပါ။ ဒီလိုခေတ်သစ် လူငယ်တွေက ခေါင်းဆောင်နေရာမယူနိုင်ရင်၊ကိုယ်တွေကို ကျော်သွားမှာကြောက်ပြီး ခေါင်းဆောင်နေရာတွေ မပေး ထားနိုင်ရင်၊ ကိုယ့် Old Ideas တွေနဲ့ ပဲအမြဲလည်ပတ်နေရင်၊ သူများတွေနဲ့ အတူ ဘယ်လိုရင်ပေါင်တန်းနိုင်မှာလဲနော့်။

ဗျာ … မင်းက ဒါတွေလုပ်နိုင်တယ် ပရောဂျက်တွေလဲ တခါထဲမှာ အများကြီး လုပ်နေတာဆိုတော့ တော်တာပေါ့တဲ့…

ဟုတ်ကဲ့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့YSE ဒီအခြေအနေထိရောက်လာနိုင်တယ်ဆိုတာ ကိုယ့်တစ်ယောက် ထဲကြောင့်မဟုတ်ပဲနဲ့ ကိုယ့်ဘေးမှာ အတူတူရှိနေတဲ့ စိတ်ချင်းတူတဲ့ အဖွဲ့ဝင်တွေကြောင့်ပါ။ သူတို့တွေသာ မရှိရင် ဒီလောက်ထိ ရေရှည်ခံနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။သူတို့ကြောင့်ပဲYSE အနေနှင့် နှစ်စဉ်ရန်ပုံငွေပွဲတွေလုပ်ပြီး အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့အတူ ပဲခူးမြို့ မှာ စာကြည့်တိုက်တစ်ဆောင်၊ တခြားကျောင်းတွေမှာ လိုအပ်တဲ့ စားပွဲခုံ၊ ထိုင်ခုံ၊ စာအုပ်ပေါင်း ဒါဇင်ပေါင်းမြောက်များစွာ၊ ကျန်းမာရေး၊ လူမှုရေး၊သဘာဝဘေးကူညီရေး၊ အခမဲ့ သင်တန်းတွေနှင့် တခြားလိုအပ်တဲ့နေရာတွေမှာကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။ အခုလုပ်နေတဲ့ ပရောဂျက်တွေကလဲ ကိုယ့် အိုင်ဒီယာတွေ တစ်ခုထဲမဟုတ်ပဲနဲ့ အဖွဲ့သား၊ အဖွဲ့ခေါင်းဆောင်တွေရဲ့ အိုင်ဒီယာတွေလဲ အများကြီးပါပါတယ်။ သူတို့ လုပ်ချင်တာတွေကို အပြောတစ်ခုထဲမဟုတ်ပဲနဲ့ လက်တွေ့ ဖြစ်လာအောင် သူတို့ အိုင်ဒီယာတွေကို proposalsရေးခိုင်းပါတယ်။ ပြီးတော့မှ ကိုယ်ကိုယ်တိုင် ဦးစီးခိုင်းပြီးကျန်တဲ့လူတွေက ဘေးကနေ၀ိုင်းပြီးပံ့ပိုးပေးကြပါတယ်။ အဲ့လို ဆိုတော့သူတို့ကိုယ်တိုင်လဲ personal achievements တွေရပြီးသူတို့လုပ်နေတဲ့ အလုပ်တွေကဘယ်လောက် တန်ဖိုး ရှိလဲဆိုတာကိုနားလည်၊မြင်လာပါတယ်။Full commitment ထားပြီးလုပ်တော့ အလုပ်တွေလဲအများကြီး ပိုပြီးပါတယ်။

ဇာတ်သိမ်းပိုင်း

YSE အသင်းအနေနဲ့ ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားလဲ … ဘယ်လောက်ထိ ဆက်သွားဖို့ ရည်ရွယ်ထားလဲ …

နောက်နှစ်ပိုင်းမှာ Self-sustainable YSE Vocational School (အသက်မွေးဝမ်းကျောင်း) ဆောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ မြန်မာပြည်အခြေအနေ၊ ကုန်ဈေးနှုန်း၊ အလှူရှင်၊ အလှူငွေမလုံလောက်သေးတဲ့ ကိုယ့်အဖွဲ့အစည်းအခြေအနေတွေကြောင့် လောလောဆယ်မှာကိုယ်ပိုင်မြေနဲ့ ကိုယ်ပိုင်ကျောင်းဆောက်ဖို့ အစီအစဉ်က နှောင့်နှေးနေပေမဲ့ မကြာမီနှစ်အတွင်းမှာအမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက်ကြိုးစားနေကြပါတယ်။

အဖွဲ့အစည်းတစ်ခု အောင်မြင်လာဖို့၊ ကြာရှည်တည်တံ့နိုင်ဖို့ ဆိုတာ Teamwork မရှိပဲ တစ်ကိုယ်တော်ရှိုးနဲ့ မဖြစ်နိုင်ပါဘူး။ ကိုယ်တွေကတော့ ကံအရမ်းကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် မှတ်ယူထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့ကို စပြီးတည်ထောင်ခဲ့ထဲက ကိုယ့်ဘေးမှာ အမြဲကူညီအားပေးနေတဲ့ မိသားစုအပြင် (ခုခေတ်စကားနဲ့ပြောရရင်) ဘယ်လက်ရုံး ညာလက်ရုံး တွေဆိုတာ အမြဲရှိခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်လာရင် လှည့်ကြည့်စရာတောင်မလို၊ ဘာမဆို ယုံကြည်စိတ်ချရတဲ့ အပြင် ကိုယ့်ကိုအမြဲတမ်း အကြံကောင်းတွေ ပေးပြီး ကိုယ်နဲ့ စိတ်တူကိုယ်တူ လက်တွဲလုပ်နိုင်တဲ့လူတွေကို ရထားလို့ပါ။

လူတိုင်းတော့ ခေါင်းဆောင်ဖြစ်လာဖို့ ဆိုတာမလွယ်သလို ခေါင်းဆောင်နေရာရောက်အောင်လဲ အမြဲတမ်းတွန်းပို့ပေးနေဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ်ကိုယ်တိုင်လဲလုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်၊ physically and mentally ရင့်ကျက်မှုတွေ ရှိမှပဲကိုယ်လုပ်ချင်တာတွေကို ဖြစ်လာအောင်လုပ်နိုင်မှာပါ။ အခုပြောခဲ့တာတွေအကုန်လုံးကကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်အမြင်နဲ့ဆိုတော့ သဘောမတူညီမှုတွေရှိနိုင်ပါတယ်။ လွတ်လပ်စွာ တိုင်ပင်၊ ပြောဆို၊ ဒီထက်ပိုကောင်းအောင်သင်ပေးနိုင်ပါတယ်။ လူတွေဆိုတော့ အမှားတွေနဲ့ မကင်းနိုင်ပေမဲ့ YSE အနေနဲ့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အားလုံးနဲ့ လက်တွဲပြီး ဆက်လုပ်သွားမှာပါ။နောက်နောင်မှာလဲ YSE အသင်းရဲ့ လှုပ်ရှားမှု၊ နှစ်စဉ်ရန်ပုံငွေပွဲတွေကို ဆက်လက်ပြီး အားပေးကူညီပေးကြပါလို့ပြောရင်း ….

#ကျွန်တော်ဆရာကြီးမဟုတ်သလိုလူတော်တစ်ယောက်လဲမဟုတ်ပါဘူးလို့ ၀န်ခံပါရစေ။

Link to Facebook post: click here

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Instagram Social Icon
bottom of page